နေပြည်တော်၊ စက်တင်ဘာ (၁၆)
အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ INGO၊ NGO အပါအဝင်ပြည်တွင်းရှိ အသင်းအဖွဲ့တွေအနေနဲ့ မဖြစ်မနေမှတ်ပုံတင်ကြဖို့နဲ့ မှတ်ပုံတင်ရာမှာလည်း ဌာနဆိုင်ရာတွေရဲ့ ထောက်ခံချက်ရယူကြဖို့ စစ်ကောင်စီဘက်က ထပ်မံဖိအားပေးလာတာ ဖြစ်ပါတယ်။
စစ်ကောင်စီပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်ဟာ စက်တင်ဘာ ၁၄ ရက်နေ့က နေပြည်တော်မှာ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေဖြစ်တဲ့ INGO၊ NGO တွေကို ခေါ်ယူတွေ့ဆုံပြီး အခုလို ဖိအားပေးလာတာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်က INGO၊ NGO အပါအဝင်အသင်းအဖွဲ့တွေအနေနဲ့ ဥပဒေနဲ့အညီ အကူအညီပေးနိုင်ဖို့အတွက် မဖြစ်မနေမှတ်ပုံတင်ဖို့ လိုအပ်တယ်လို့ သတိပေးပြောဆိုခဲ့ပါတယ်။
ဒါ့အပြင် သူတို့အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေကိုလည်း ငွေကြေးအပါအဝင် တရားမဝင်တဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့တွေမပေးဖို့ သတိပေးခဲ့တာပါ။
အမည်မဖော်လိုတဲ့ ပြည်တွင်းအဖွဲ့အစည်းတစ်ခုရဲ့ တာဝန်ရှိသူတစ်ဦးက စစ်ကောင်စီ ဖိအားကြောင့် အဖွဲ့အစည်းတွေအတွင်း မှတ်ပုံတင်မယ့်အဖွဲ့နဲ့ မတင်မယ့်အဖွဲ့အစည်းတွေကြား သဘောထားကွဲလွဲမှုတွေရှိလာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“သူတို့ဘက်ကတော့ ဖိအားပေးတာပဲ။ ဒါပေမယ့် ဒီဘက်မှာတော့ တချို့ အဖွဲ့တွေကျတော့လည်း သွားပြီးတော့ပူးပေါင်းတယ် ကြားတာပေါ့နော်။ ပူးပေါင်းတယ်ဆိုတာလည်း မြေပြင်မှာအမှန်တကယ် လိုအပ်နေတဲ့သူတွေ ကူညီနိုင်အောင်၊ အသိပညာပေးနိုင်အောင်လုပ်နေတဲ့ အဖွဲ့တွေကတော့ရှိတယ်။ အဖွဲ့ ၂ဖွဲ့လို ဖြစ်သွားတာပေါ့နော်။ ဘယ်လိုခေါ်မလဲဆိုတော့ လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ဆိုပြီး အဲဒီလို ၂ဖွဲ့တော့ ကွဲသွားတယ်။ ကူညီနေတဲ့သူတွေကျတော့ ကျွန်မတို့ဘက်က အခက်အခဲတွေက အများကြီးရှိတယ်။ ဥပမာ- ကျွန်မတို့က အသင်းအဖွဲ့ မှတ်ပုံတင်မရှိတာကတစ်ကြောင်း၊ လူ(၅)ဦးပိုမစုရဘူးဆိုတာတွေက တစ်ကြောင်းဖြစ်တဲ့အတွက် တကယ်လို့လူစုပြီးတော့ အသိပညာပေးပဲလုပ်လုပ်၊ ထောက်ပံ့တာတွေပဲလုပ်လုပ်၊ အဲဒီအချိန်မှာ ထောက်ခံချက်တွေ ယူတယ်။ ယူတဲ့အချိန်ကစပြီး ကျွန်မတို့ဘက်က အခက်အခဲတွေက တွေ့ပြီးပေါ။ ဒါကတော့ မြေပြင်ကလူတွေရဲ့ ရပိုင်ခွင့်တွေကို သူတို့ဘက်က ရိုက်ချိုးလိုက်သလိုပါပဲ။ အဲဒီလိုပုံစံဖြစ်အောင်လည်း သူတို့ဘက်က လုပ်တယ်လို့ပဲ ကျွန်မအနေနဲ့ ထင်မြင်ချက်ပေးချင်တယ်ပေါ့နော်” လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကောင်စီက မှတ်ပုံတင်ဖို့အတွက် အခုလိုဖိအားပေးလာတာကြောင့် မှတ်ပုံမတင်ပါက လူသားချင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းတွေ ဖျက်သိမ်းခိုင်းလာနိုင်သလို ကူညီဆောင်ရွက်မှုတွေကအစ ကန့်သတ်လာနိုင်တဲ့အတွက် အမှန်တကယ်အကူအညီလိုအပ်သူတွေအတွက် နစ်နာမှုရှိလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းကလည်း စစ်ကောင်စီအနေနဲ့ အခုလို ဖိအားပေးလုပ်ဆောင်လာတာဟာ ပြည်သူတွေနဲ့ တိုက်ရိုက်ထိတွေ့နေတဲ့ အဖွဲ့အစည်းတွေကို ယုံကြည်မှုမရှိတာကြောင့် ဖြစ်သလို အဲဒီအဖွဲ့အစည်းတွေရဲ့ပုံရိပ်ကို အသုံးချပြီး နိုင်ငံရေးအမြတ်ထုတ်ဖို့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တာလို့ သုံးသပ်ပါတယ်။
“INGO, NGO အဖွဲ့အစည်းတွေက ပြည်သူတွေကို တိုက်ရိုက်ထိတွေ့နေတဲ့ အဖွဲ့အစည်းတွေပေါ့။ အဲဒီလိုအဖွဲ့အစည်းတွေကို ဒီစစ်ကောင်စီအနေနဲ့ ဘယ်သောအခါမှ ယုံကြည်ပြီး စိတ်ချလက်ချမရှိခဲ့ဘူးပေါ့နော်။ ကျွန်တော်တို့ဆီမှာဆိုရင် မိုခါမုန်တိုင်းတိုက်တာတောင်မှ အဲဒီအဖွဲ့အစည်းတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ခဲ့တာတွေရှိတယ်။ ဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းမှာမှ မကြားဖူးတဲ့ကိစ္စတွေပေါ့။ လူသားချင်းစာနာမှု အထောက်အကူ ကိစ္စတွေတောင် ပိတ်ပင်တာရှိတယ်။ ဒါကသူတို့မှာ ဘယ်သူ့ကိုမဆို မယုံကြည်ဘူး။ ပြီးတော့ အဲဒီအဖွဲ့အစည်းတွေကိုလည်း သူတို့က သူတို့ဘက်မှာရပ်တည်ဖို့ သူတို့နဲ့ လက်တွဲပြီးဆောင်ရွက်ဖို့၊ သူတို့ရဲ့ပုံရိပ်တွေကို စစ်ကောင်စီကအသုံးချဖို့၊ အဲဒီလိုအမြဲတမ်း နိုင်ငံရေး အမြတ်ထုတ်ဖို့ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ ကြိုးစားနေတာပဲ ဖြစ်ပါတယ်။ အခုလည်းပဲ အဲဒီအဖွဲ့အစည်းတွေကို သူတို့အနေနဲ့ ယုံကြည်မှုသိပ်မရှိဘူးပေါ့။ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို စစ်ကောင်စီဘက်က သူတို့နဲ့ပူးပေါင်းဆောင်ရွက်စေချင်တယ်ပေါ့။ ဒါကလုပ်ရိုးလုပ်စဉ်ပဲ ဖြစ်ပါတယ်။ အခုလည်း အဲဒီလုပ်ရိုးလုပ်စဉ်ဆိုတဲ့ စစ်ကောင်စီရဲ့အောက်မှာ NGO, INGO တွေက အဲဒီလိုအခက်အခဲနဲ့ ကြုံနေရတယ်လို့ပဲ ရှုမြင်ပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း INGO နဲ့ NGO အဖွဲ့တွေကို သက်ဆိုင်ရာဝန်ကြီးဌာနတွေက ကြပ်မတ်ထိန်းသိမ်းဖို့ ပြီးခဲ့တဲ့ သြဂုတ် ၃၀ ရက်နေ့က ပြုလုပ်တဲ့ စစ်ကောင်စီအစည်းအဝေးအတွင်း သူ့ဝန်ကြီးတွေကို မှာကြားထားတာ ဖြစ်ပါတယ်။
ဒ့ါအပြင် ပြည်ပအကူအညီတချို့ဟာ INGO ၊ NGO တွေက တဆင့်လာတာဖြစ်ပြီး အကူအညီပေးနေတဲ့ အဖွဲ့အစည်းနဲ့နိုင်ငံတွေက အသုံးချနေတာတွေ ရှိတယ်လို့ စစ်ခေါင်းဆောင်က စွပ်စွဲထားပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ မှတ်မပုံတင်တဲ့ အသင်းအဖွဲ့ပိုင် ငွေကြေးနဲ့ပစ္စည်းတွေကို နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်တာ၊ အသင်းအဖွဲ့အတွင်း ပါဝင်သူတွေကိုလည်း ထောင်ဒဏ်ပြစ်ဒဏ်အသီးသီး ချမှတ်နိုင်တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်း ဥပဒေကို ပြီးခဲ့တဲ့ အောက်တိုဘာ ၂၈ ရက်နေ့မှာ အတည်ပြု ပြဌာန်းထားတာပါ။
ဓာတ်ပုံ – MOI
သတင်း – သံလွင်တိုင်းမ်