ကျိုက်ထို ၊ စက်တင်ဘာ (၁၆)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့ရှိ သိမ်ဇရပ်နယ်မြေရဲစခန်းကို တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီးနဲ့ သွားရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

စစ်ကောင်စီတပ်အပြင် ရဲတပ်ဖွဲ့ဝင်တွေပါ တပ်စွဲနေထိုင်နေတဲ့ သိမ်ဇရပ်ရဲစခန်းကို စက်တင်ဘာ ၁၄ ရက်နေ့ ညနေ ၅ နာရီအချိန်လောက်မှာ ပူးပေါင်းတပ်ဖွဲ့ဘက်က လက်နက်ကြီး ၄၀ မမ ၇ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုမှာ လက်နက်ကြီးကျည်တချို့ ရဲစခန်းအတွင်း ကျရောက်ပေါက်ကွဲတာတွေရှိပြီး ထိခိုက်ဒဏ်ရာရတာနဲ့ ပျက်စီးမှုအသေးစိတ်ကို ဆက်လက်စုံစမ်းနေတယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောဆိုပါတယ်။

သိမ်ဇရပ်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တဲ့အတွက် ဒေသခံပြည်သူတွေမှာလည်း စိုးရိမ်ထိတ်လန့်မှုတွေ ဖြစ်ပေါ်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

သိမ်ဇရပ်ရဲစခန်းဟာ အာဏာသိမ်းကာလအတွင်း ၅ ကြိမ်ထက်မနည်း တိုက်ခိုက်ခံထားရပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။

တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ သိမ်ဇရပ်မြို့မှာ ပြီးခဲ့တဲ့သြဂုတ်လအတွင်း ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA အပါအဝင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက နယ်မြေစိုးမိုးရေးအတွက် မြို့ပေါ်တက်စစ်ဆေးတာတွေ လုပ်ဆောင်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.