“တော်လှန်ရေးမှာ အမျိုးသမီးတွေ ပါဝင်နေတာကို စစ်ကောင်စီက သည်းခံနိုင်ပုံမရဘူး။ ဘာကြောင့်လဲဆို စစ်အုပ်စုရဲ့သဘောထားကိုက မဟာဖိုဝါဒကို လက်ကိုင်ထားတဲ့ဝါဒဖြစ်တယ်။ သူတို့ကိုဆန့်ကျင်ရကောင်းလားဆိုပြီး ဆိုးဆိုးဝါးဝါးဖိနှိပ်တာ တွေ့ရတယ်”

အာဏာသိမ်းကာလအတွင်း အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖမ်းဆီးခံရတာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာ၊ စစ်ကြောင်းထိုးစဉ် ဖမ်းဆီးသတ်ဖြတ်ခံတာရစတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆိုးဝါးဆုံး ခံစားနေရပါတယ်။ တဖက်မှာတော့ အမျိုးသမီး ၃၅၀၀ နီးပါးဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးဖိနှိပ် မှုတွေကို ခံထားရသလို အကျဉ်းထောင်ပြင်ပ အမျိုးသမီးတွေကလည်း စိုးရိမ်ကြောက်လန့်မှုတွေနဲ့ ရှင်သန်နေထိုင် နေရတာပါ။

ဒါကြောင့် စစ်ကောင်စီလက်ထက် အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ အခက်အခဲ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်မှုနဲ့ နွေဦးတော်လှန်ရေးမှာ အမျိုးသမီးပါဝင် အခန်းကဏ္ဍတွေနဲ့ ပတ်သက်ပြီး လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (DPNS) တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးနဲ့ ဆက်သွယ်မေးမြန်းချက်။

 ၁။ အရင်ဆုံးအနေနဲ့ စစ်ကောင်စီလက်ထက်မှာ အမျိုးသမီးတွေ ဖိနှိပ်ခံနေရတဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ပြောပြပေးပါဦး။ အဲဒီထဲမှာ နွေဦးတော်လှန်ရေးမှာပါဝင်တဲ့ အမျိုးသမီးတွေ ဘယ်လိုအခက်အခဲတွေကို ပိုမိုရင်ဆိုင်နေရလဲ။

နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်ကို ဆန့်ကျင်လှုပ်ရှားမှုနေရာမှာ အမျိုးသမီးပါဝင်မှုက အရင်တော်လှန်ရေး မှာ ပါခဲ့လို့လားမသိဘူး။ အခုကတော့ မြင်သာထင်သာရှိတဲ့ အမျိုးသမီးခေါင်းဆောင်တွေ၊ နိုင်ငံရေးမှာ ထဲထဲဝင်ဝင်လုပ်ဆောင်နေတဲ့ အမျိုးသမီးခေါင်းဆောင်တွေ အများကြီးပေါ်ထွက်လာတယ်ပေါ့နော်။ အဲဒါကိုစစ်ကောင် စီကနေ ဒီလိုမျိုးအမျိုးသမီးတွေပါဝင်တယ်ဆိုတာကို သူ့အနေနဲ့ သည်းခံနိုင်ပုံမရဘူး။ ဘာကြောင့်လဲဆို စစ်အုပ်စုရဲ့သဘောထားကိုက မဟာဖိုဝါဒကို လက်ကိုင်ထားတဲ့ဝါဒဖြစ်တယ်။ စစ်ဝါဒီဆိုတာလည်း ဒါရဲ့အစိတ်အပိုင်းဖြစ်တယ်။ အမျိုးသားရေးကြီးစိုးလျက်ရှိပြီး အမျိုးသမီးတွေကို ဒုတိယတန်းစားနေရာတောင် မဟုတ်ဘဲ တကယ်ကိုဖိနှိပ်ထားရမယ်ဆိုတဲ့ အတွေးအမြင်တွေ သူတို့မှာရှိတယ်လို့ ကျွန်မကတော့ အဲဒီလိုမျိုးမြင်ပါတယ်။ ဒီလိုမျိုးအမျိုးသမီးတွေ ပါတဲ့နေရာမှာ လက်မခံနိုင်ဘဲ သူတို့ကိုဆန့်ကျင်ရကောင်းလားဆိုပြီး ဆိုးဆိုးဝါးဝါးဖိနှိပ်တာ တွေ့ရတယ်။

စစ်ကြောရေးမှာပဲ ဖြစ်ပါစေ။ သူတို့ရဲ့ စစ်ကြောင်းထိုးတဲ့ဒေသမှာပဲ ဖြစ်ပါစေ။ အဲဒီလိုနေရာတွေအပေါ်မှာ အမျိုးသမီးတွေအပေါ်မှာ စိတ်ပိုင်းဆိုင်ရာ ဆိုးဆိုးဝါးဝါးပြုမူဆောင်ရွက်မှုတွေ၊ မုဒိန်းမှုတွေပါ ကျူးလွန်တယ် ဆိုတာမျိုးတွေလည်း ကျွန်မတို့ ကြားရပါတယ်။ အမျိုးသမီးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာအားနည်းတဲ့ အနေအထား ပြောရမလားမသိဘူး အဲဒီအပေါ်မှာ အနိုင်ကျင့်ပြီးဆိုးဆိုးဝါးဝါး ဒီဟာမျိုးတွေ ကျူးလွန်နေတယ်ဆိုတာမျိုးလည်း ကျွန်မတို့ ကြားရတာတွေပါတယ်ရှင့်။

 ၂။ အမျိုးသမီးတွေကို အမျိုးသားနည်းတူ စစ်ကောင်စီက ဘာကြောင့် အခုလိုပစ်မှတ်ထားနှိမ်နင်းနေတယ်လို့ မြင်ပါသလဲ။ ဒီအပေါ်မှာ ဆွေးနွေးပေးပါဦး။

ခေါင်းဆောင်ပိုင်းမှာပါဝင်နေတဲ့ အမျိုးသမီးတွေကိုလည်း စစ်အုပ်စုက သူတို့လက်ထဲမှာမရှိဘူး။ တို့ထိလို့မရတဲ့ အနေအထားမျိုးဆိုရင်လည်း အွန်လိုင်းကနေသိက္ခာချတာ၊ အမျိုးမျိုးစော်ကားတဲ့ အသုံးအနှုန်းတွေ သုံးနှုန်းပြီး ပြောဆို စွပ်စွဲကြတာတွေ၊ ပုံစံမျိုးစုံနဲ့ ဝါဒဖြန့်ချိတာတွေလုပ်တာတော့ ကျွန်မတို့တွေ့ရတယ်။ ခေါင်းဆောင် ပိုင်းမှာ မရှိပေမယ့် သူတို့ကိုဆန့်ကျင်တဲ့အပိုင်းမှာပါဝင်တဲ့ ကျေးရွာနေအမျိုးသမီးတွေ ဒါတွေကိုလည်း သူတို့တွေက စစ်ကြောင်းထိုးရင်းနဲ့ မုဒိန်းကျင့်ပြီး သတ်တယ်ဆိုတဲ့ကိစ္စတွေ။ သတ်တယ်ဆိုတာတောင် ရက်ရက် စက်စက် မီးရှို့ပြီးသတ်တယ်ဆိုတဲ့ဟာတွေ လတ်တလောကြားရတဲ့ သတင်းတစ်ခုမှာ PDF စခန်းတစ်ခုကို ဝင်စီးပြီးတော့ အဲဒီကအမျိုးသမီးရဲဘော်တွေကို မုဒိန်းကျင့်ပြီးတော့ ကျင့်ထားတာကို သိရအောင်လို့ အဝတ်အစားတွေပါချွတ်ပြီး ကျန်တဲ့သတ်ထားတဲ့ ရဲဘော်တွေကိုတော့မီးရှို့ပြီး ခုနကအမျိုးသမီးတွေကိုတော့ မီးမရှို့ပဲ ထားခဲ့တယ်။ စစ်အုပ်စုကတော့ ခေါင်းဆောင်ပိုင်းမှာရှိတဲ့ အမျိုးသမီးပဲဖြစ်ပါစေ။ ဘယ်နေရာမှာရှိတဲ့ အမျိုး သမီးပဲဖြစ်ပါစေ။ အမျိုးသမီးမှန်သမျှကို သူတို့ရက်ရက်စက်စက် ကျူးလွန်နေတဲ့ အခြေအနေမျိုးကို ကျွန်မတို့ တွေ့ရပါတယ်ရှင့်။

၃။ NUG ကလည်း အမျိုးသမီးတွေအပေါ် စစ်ကောင်စီတပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေအတွက် ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား (IIMM)ထံ တိုင်စာပို့ထားတယ်လို့ ကြားသိရပါတယ်။ သူတို့အနေနဲ့လည်း ဘယ်လောက်ထိ လုပ်ဆောင်ပေးနိုင်မယ်လို့ မြင်ပါသလဲ။

စာပို့ထားတာ ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုတွေတော့ ဘယ်လောက်လုပ်နိုင် မယ်။ မလုပ်နိုင်ဘူးဆိုတာတော့ ကျွန်မတို့မပြောနိုင်ဘူး။ ဒါပေမယ့်တစ်ခုဖြည့်စွက်ပြီးပြောချင်တာ ဒီကာလမှာ ဝမ်းနည်းစရာကောင်းတာက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကို ခံရတဲ့သူတွေက အမျိုးသမီးတွေတင်မကပဲ ကလေးလေးတွေ LGBT တွေ၊ နောက်အမျိုးသားတွေအပေါ်မှာ ကျူးလွန်နေတယ်ဆိုတာလည်း သိရပါတယ်။

ဒါတော်တော်ကို ကြောက်ရွံထိတ်လန့်စရာကောင်းတဲ့ကိစ္စလို့လည်း ကျွန်မတို့ယူဆပါတယ်။ ကျူးလွန်ခံရသူ များအတွက် မှတ်တမ်းရှိတယ်ဆိုတာ ကောင်းတဲ့ကိစ္စ ဖြစ်တယ်။ သို့သော်လည်း ထိရောက်တဲ့ လုပ်ဆောင်ချက် တွေ ရှိဖို့လိုတယ်လို့ ကျွန်မအနေနဲ့ ယူဆပါတယ်။ ဒီလိုကျူးလွန်တဲ့ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ဘယ် လိုမျိုးပြစ်ဒဏ်ပေးနိုင်မလဲ၊ ဘယ်လိုမျိုး ကာကွယ်တားဆီးနိုင်မလဲ၊ အဲဒီလိုမျိုးတွေလည်း ချမှတ်ထားဖို့ လိုအပ်သလို ပြစ်မှုကျူးလွန်တဲ့သူများ၊ အဖွဲ့အစည်းများကိုလည်း တကယ်တမ်းသူကျူးလွန်ခဲ့တဲ့ ပြစ်မှုနဲ့ထိုက်တန်တဲ့ ပြစ်ဒဏ်တွေကို ပုံစံမျိုးစုံနဲ့ပေးနိုင်ဖို့လိုတယ်လို့ ယူဆပါတယ်။

အဲဒီလိုမှမဟုတ်ရင် ကျွန်မတို့အသိုင်းအဝိုင်းမှာက အထူးသဖြင့် စစ်တပ်ကကျူးလွန်ခဲ့တဲ့ ဒီလိုမျိုးပြစ်မှုတွေက ထောင်နဲ့သောင်းနဲ့ချီရှိခဲ့တဲ့ ကိစ္စတွေဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်အချိန်ဘယ်ကာလကမှ ဒါနဲ့ပတ်သက်တဲ့ တရားမျှတတဲ့ ဖော်ဆောင်မှုမျိုးမရခဲ့ဘူး။ ပြစ်ဒဏ်ကနေ ကင်းလွတ်ခွင့်ရခဲ့ပါတယ်။ သူတို့ကထပ်ခါထပ်ခါ ဒီပြစ် မှုမျိုး ကျူးလွန်နေတာဖြစ်တယ်။ ကိုက်တတ်တဲ့ ခွေးကမရိုက်ရင် နောက်ထပ်ထပ်ကိုက်နေမှာပဲ ဖြစ်ပါတယ်။ စကားပုံက ရိုင်းချင်ရိုင်းလိမ့်မယ်။ ဒါပေမယ့် အခြေအနေက အမှန်တကယ်ဖြစ်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ဒီလိုပြစ်မှုမျိုးတွေ ထပ်ပြီးမကျူးလွန်အောင် ကျွန်မတို့ကနောက်ထပ်မကျုးလွန်အောင် ဝိုင်းဝန်းကြိုးစားရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

၄။ စစ်ကောင်စီက အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးတော့ အကြောက်တရားဖြစ်လာအောင် ဖိနှိပ်နေတဲ့အပိုင်းတွေမှာ အမျိုးသမီးတက်ကြွလှုပ်ရှားမှုတွေက တကယ်ပဲ ကျရှုံးသွားသလား။ သူတို့အောက်မှာ အမျိုးသမီးတွေ ရဲ့ လှုပ်ရှားမှုတွေက ဘယ်လိုအခြေအနေရှိပါသလဲ။

အမျိုးသမီးတွေကို ပစ်မှတ်ထားပြီး ကြောက်လန့်အောင် ဖိနှိပ်တဲ့အလုပ်လုပ်တယ်ဆို သူတို့ရဲ့အတွေးအခေါ်က လွဲနေပြီ မှားနေပြီလို့ အဲဒီလိုမျိုးပြောချင်ပါတယ်။ လက်တွေ့မြင်နေရတာပဲလေ။ အမျိုးသမီးတက်ကြွလှုပ်ရှား သူပဲဖြစ်ဖြစ်၊ နိုင်ငံရေးသမားတွေပဲဖြစ်ဖြစ်၊ ကိုယ်လုပ်စရာရှိတဲ့ အလုပ်တွေကိုတော့ ဆက်ပြီးတော့ လုပ်ပေးကြ တာ အမှန်ပါပဲ။ ဒီလိုမျိုးကိုယ့်အပေါ်မှာ ကျူးလွန်စော်ကားတဲ့ကိစ္စတွေ၊ ဖိနှိပ်လာတဲ့ကိစ္စတွေကို ကျွန်မတို့သတိ ထားပြီးတော့ ဘယ်လိုမျိုးကာကွယ်ကြမလဲ။ ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့ ဒီထက်ကျယ်ပြန့်တဲ့ ကိုယ့်ပြည်သူတွေ အချင်းချင်းလက်တွဲပြီးတော့ သတိပေးကြတာ ကာကွယ်စောင့်ရှောက်ကြရတာ။

ဒါမျိုးတွေတော့ လုပ်နေကြရတယ်။  နောက်တစ်ချက်က ကျဆုံးသွားတယ်ဆိုတာ လုံးဝမမြင်ဘူး။ လုပ်စရာရှိ တာကို ဆက်လုပ်နေကြရတယ်။ စစ်ကောင်စီကနေ အမျိုးသမီးတွေကို ပစ်မှတ်ထားပြီးတော့ အကြောက်တရား ရှိအောင် ဖိနှိပ်မှုတွေရှိနေသော်လည်း ဒီအမျိုးသမီးနိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေပဲဖြစ်ဖြစ်၊ နိုင်ငံရေးသမား တွေပဲဖြစ်ဖြစ် လုပ်စရာရှိတာတွေကို ဆက်ပြီးလုပ်နေကြတယ်။ ဒီလိုအန္တရာယ်တွေ ကိုယ်နဲ့ကိုယ့်ပတ်ဝန်း ကျင်မှာ ကျရောက်မလာအောင် သတိကြီးကြီးထားပြီးလုပ်စရာရှိတာတွေကိုတော့ လုပ်မြဲတိုင်းဆက်ပြီးလုပ်နေ ကြတယ်ဆိုတာကိုတော့ ပြောချင်ပါတယ်ရှင့်။

၅။အမေရိကန်ပြည်ထောင်စုအပါအဝင် အနောက်နိုင်ငံတွေက မြန်မာ့အရေးနဲ့ ပတ်သက်ပြီးတော့ မြန်မာအမျိုးသမီးတွေရဲ့ လှုပ်ရှားမှုတွေမှာ ထောက်ခံမှုတွေ၊ ပံ့ပိုးမှုတွေက တကယ်ပဲ အားရဖွယ်ရာအခြေအနေရှိနေတယ် လို့ ပြောလို့ရပါသလား။

ကျွန်မတို့ရဲ့လှုပ်ရှားမှုနဲ့ပတ်သက်ပြီးတော့ အမေရိကန်အပါအဝင်ပေါ့။ တခြားနိုင်ငံတွေကနေ ဘယ်နိုင်ငံမဆို ထောက်ခံမှုတွေလုပ်တာတော့ ကောင်းတဲ့ကိစ္စဖြစ်ပါတယ်။ စစ်အုပ်စုနဲ့ပေါင်းမသွားပဲ စစ်အုပ်စုသက်ဆိုးရှည် အောင် လုပ်မနေဘူးဆိုရင် ကြိုဆိုရမယ့်ကိစ္စဖြစ်ပါတယ်။ ကျွန်မအမြင်ကတော်လှန်ရေးကို အားပေးတယ်၊ ထောက်ခံတဲ့အပိုင်းမှာဆိုရင် သူတို့လုပ်နိုင်သလောက်အပိုင်းပဲ လုပ်နေတဲ့အခါကျတော့ တော်လှန်ရေးတကယ် အောင်မြင်အောင်လုပ်ရမှာက ကျွန်မတို့ကိုယ်တိုင်ပဲ လုပ်ကြရမှာဖြစ်ပါတယ်။ ပြည်ပကထောက်ပံ့တာက အ စိတ်အပိုင်းတစ်ခုပဲ ဖြစ်နေတဲ့အခါကျတော့ ဒီအတွက်ကို ကျွန်မတို့ကမျှော်ကိုးနေလို့လည်းမရဘူး။ ကျွန်မတို့ ကိုယ်တိုင်လုပ်ရမယ့် အလုပ်ကို ကိုယ်တိုင်သေသေချာချာလုပ်မှသာ ကျွန်မတို့တော်လှန်ရေးက  အောင်ပွဲရနိုင် မယ်လို့ ကျွန်မကတော့ အဲဒီလိုပဲ ယူဆပါတယ်။

 ၆။ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဘယ်လောက်အထိ လျော့ကျသွားပါလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

အာဏာသိမ်းပြီးတဲ့နောက်မှာ ကျွန်မတို့နိုင်ငံရဲ့အခြေအနေက တကယ့်ကိုကျဆုံးနိုင်ငံအခြေအနေကို ရောက်သွားတယ်လို့ ကျွန်မကမြင်တယ်။ ဘယ်နေရာမဆို ပရမ်းပတာစီမံခန့်ခွဲမှုတွေနဲ့ တကယ်ကို မအောင်မြင်တဲ့ ယန္တရားတွေနဲ့ သွားနေတယ်။ ဘယ်သူ့ဘယ်သူအတွက်မှ အာမခံချက်မရှိဘူးပေါ့နော်။ တကယ်တမ်းအစိုးရ အလုပ်မှာပဲ ဖြစ်ဖြစ်၊ ပုဂ္ဂလိကအလုပ်တွေမှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်ပုဂ္ဂလိကဌာနတွေမှာပဲဖြစ်ဖြစ်၊ ကိုယ်ပိုင်အ လုပ်တွေပဲဖြစ်ဖြစ်၊ ဆောင်ရွက်တဲ့အခါမှာ ဘယ်လိုမှအာမခံချက်မရှိဘူးဆိုတာ ကျွန်မတို့တွေ့နေရပါတယ်။ လက်တွေ့ဖြစ်စဉ်တွေကို ကြည့်ရင်လည်း သိနိုင်ပါတယ်။ ငွေကြေးဖောင်းပွမှုက အခုဆိုအာဏာသိမ်းကာလ ထက် အဆမတန်မြင့်တက်ပြီးတော့ နိုင်ငံတွင်းမှာ ဆီလေးငါးဆယ်သားလောက်ရဖို့ အရေးကို မိုင်နဲ့ချီပြီး နေပူကြီးထဲမှာတန်းစီပြီးနေကြရတဲ့ အခြေအနေမျိုးအထိအောင် နိုင်ငံရဲ့စီးပွားရေးအခြေအနေကလည်း ယုတ် လျော့သွားတယ်။ အလုပ်ခွင်ထဲမှာရှိတဲ့ အမျိးသမီးပဲဖြစ်ဖြစ်၊ အမျိုးသားပဲဖြစ်ဖြစ် အသက်အန္တရာယ်နဲ့ လုံခြုံမှုက လုံခြုံမှုမရှိတာကို ကျွန်မတို့ တွေ့နေရပါတယ်။

၇။နောက်ဆုံးအနေနဲ့ ဘာများဖြည့်စွက်ပြောကြားလိုတာရှိမလဲ။ ပြောပြပေးပါဦး။

ကျွန်မတို့နိုင်ငံမှာ ဒီစစ်အုပ်စုကို အမြစ်မဖြတ်နိုင်သ၍ ကျွန်မတို့လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီးကို မတည်ဆောက်နိုင်သေးသမျှတော့ ကျွန်မတို့ ဒီလိုမျိုးဖြစ်ရပ်ဆိုးတွေ တကယ်ကိုလုံခြုံမှု မရှိတဲ့ အခြေအနေ ညအိပ်ရင်တောင်မှပဲ ဘယ်အချိန်တံခါးလာခေါက်မလဲ စိုးရိမ်ထိတ်လန့်နေရတဲ့ ဘဝတွေက ဘယ်တော့မှ ပြီးဆုံးမှာမဟုတ်ပါဘူး။ဒါကြောင့်မို့ တော်လှန်ရေး ခေါင်းဆောင်တွေ  နိုင်ငံရေးအုပ်စုတွေ နိုင်ငံရေးခေါင်းဆောင်တွေ ပဲဖြစ်ဖြစ် ပြည်သူတွေပဲဖြစ်ဖြစ်  အားလုံးက ဒီအချိန်မှာ စစ်အုပ်စုအမြစ်ပြတ်ရေးကို ဒီလိုအချိန်မှာ အားလုံးက ဝိုင်းဝန်းဆောင်ရွက်မှသာ ဒီလိုအခြေအနေဆိုးတွေကနေ လွတ်မြောက်မှာ ဖြစ်တယ်လို့ ကျွန်မပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.