နေပြည်တော်၊ စက်တင်ဘာ(၁၆)

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးခရီးစဉ်ပြီးနောက် ဝါဒဖြန့်သတင်းစာနဲ့ ရုပ်သံတွေမှာ ၄ ရက် ဆက်တိုက် ပျောက်ချင်းမလှ ပျောက်ဆုံးနေပါတယ်။

စစ်တပ်ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာတွေရဲ့ စက်တင်ဘာ ၁၂ ရက်နေ့ကနေ ၁၅ ရက်နေ့အတွင်း သတင်းဖော်ပြချက်တွေမှာတော့ သတင်းစာမျက်နှာဖုံးနဲ့ အတွင်းစာမျက်နှာတွေမှာ စစ်ခေါင်းဆောင်ရဲ့ ခရီးစဉ်လှုပ်ရှားမှုတွေ ဖော်ပြထားခြင်း မရှိခဲ့ပါဘူး။

ဒီရက်ပိုင်းအတွင်း မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်ကျင်းပတဲ့ အာဆီယံလေတပ်ဦးစီးချုပ် အစည်းအဝေးအခမ်းအနားကိုလည်း စစ်ခေါင်းဆောင် တက်ရောက်တာမတွေ့ရဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က လေတပ်ဦးစီးချုပ်တွေကို ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းကသာ လက်ခံတွေ့ဆုံခဲ့တာပါ။

CDM မှာပါဝင်ထားတဲ့ လေတပ် တပ်ကြပ်ကြီး ဇေယျကတော့ စစ်ခေါင်းဆောင်ရဲ့ လားရှိုးခရီးစဉ်မှာ ပုံမှန်တွေ့ဆုံ အားပေးစကားပြောတဲ့ အဆင့်လောက်မဟုတ်ဘဲ တစ်ခုခုလျှို့ဝှက်တွေ့ဆုံတာ ရှိနိုင်သလို မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေရဲ့ ခြုံခိုတိုက်ခိုက်ခံရမှာကြောက်လို့ ထိပ်တန်းလျှို့ဝှက်ထားလားဆိုတာ စဉ်းစားစရာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“လားရှိုးဘက်မှာ တစ်ခုခု လျှိုဝှက်တွေ့ဆုံတာလား။ ဒါမှမဟုတ် မြောက်ပိုင်းက လက်နက်ကိုင်တွေ သူ့ကိုလုပ်ကြံမှာ ခြုံခိုတိုက်ခိုက်မှာကြောက်လို့ ထိပ်တန်းလျှို့ဝှက်အနေနဲ့ လုပ်ထားတာလားဆိုတာ စဉ်းစားစရာပေါ့။ ဒါပေမယ့် မနေ့က ၁၄ ရက်နေ့ ညနေပိုင်းမှာတော့ သူ (မင်းအောင်လှိုင်) နေပြည်တော်ကို ပြန်ရောက်ပြီဆိုတာ သိရတယ်။ ဒီလေတပ်ညီလာခံကလည်း တကယ်တော့ လေတပ်ဦးစီးချုပ်ကပဲ အဓိကတာဝန်ယူရမှာဖြစ်တဲ့အတွက် သူနဲ့တော့ သိပ်ပြီး မဆိုင်ဘူး။ဒါပေမယ့် ဖွင့်ပွဲ၊ ပိတ်ပွဲ သူ လာသင့်တယ်။ဒါပေမယ့် သူမလာခဲ့ဘူး။ဒါကြောင့်လားရှိုးကိုသွားတဲ့ကိစ္စ သူ့အတွက် နည်းနည်းအရေးကြီးတဲ့အထဲမှာ ပါလောက်တယ်။ ပုံမှန်သွားပြီးတော့ တွေ့ဆုံတယ်၊ အားပေးစကားပြောတဲ့အဆင့်လောက်တော့ မဟုတ်ဘူးလို့ ကျွန်တော်ယူဆတယ်”လို့ သူက ဆိုပါတယ်။

စက်တင်ဘာ ၉ ရက်နဲ့ ၁၀ ရက်နေ့တို့မှာ စစ်ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းရှိ ပြည်နယ်၊ခရိုင်၊မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊မြို့မိမြို့ဖတွေ၊ SME လုပ်ငန်းရှင်တွေနဲ့ ဌာနေပြည်သူ့စစ်ခေါင်းဆောင်တွေကို လားရှိုးမြို့မှာ သွားရောက်တွေ့ဆုံခဲ့တာပါ။

အဲဒီခရီးစဉ်အပြီး စစ်ခေါင်းဆောင်ရဲ့ အခြားသောခရီးစဉ်တွေ၊ လှုပ်ရှားမှုတွေကို ဝါဒဖြန့်သတင်းစာတွေ၊ အွန်လိုင်းပလက်ဖောင်းတွေ ရုပ်သံတွေမှာ မတွေ့ရှိရဘဲ တစ်ဖက်မှာ ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တချို့နဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ချို့ကို စစ်ကောင်စီက ထိန်းသိမ်းစစ်ဆေးနေတဲ့ သတင်းတွေလည်း ဆက်တိုက်ထွက်ပေါ်နေတာပါ။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က အခုအခြေအနေဟာ စစ်ကောင်စီအဖွဲ့အတွင်း လာဘ်စားမှုတွေများလာပြီးနောက် မထိန်းနိုင်မသိမ်းနိုင်တဲ့ ပြဿနာတွေ ရှိနေပြီဆိုတာ အသေချာပဲလို့ သုံးသပ်ပါတယ်။

“ကျွန်တော်လည်း အနီးကပ်စောင့်ပြီး ကြည့်နေတာပဲ။သူတို့ထဲမှာ ပြဿနာတွေပေါ်နေပြီဆိုတာတော့ အသေအချာပဲ။ နောက်သူတို့ မထိန်းနိုင်မသိမ်းနိုင်ဖြစ်နေတာ ကြာပြီဆိုတာအသေချာပဲ။ အဲဒီအပေါ် ကျွန်တော်တို့ဘက်က အခွင့်အရေးကောင်းတွေ ယူနိုင်ဖို့တော့လိုတာပေါ့။ သူတို့ဘက်မှာ ပြဿာနာတွေဖြစ်နေပြီ၊ ရှိနေပြီဆိုတာ အသေချာပဲ။ ဘာလို့ဆို ကျွန်တော်တို့က အချက်အလက်တွေကို ကြည့်လိုက်တဲ့အခါ တယ်လီနော်ကို ဝယ်သွားတဲ့ ဦးသိန်းဝင်းဇော်လည်း အဖမ်းခံရတယ်။ သူတို့အတွင်းထိ မြိုင်မြိုင်ဆိုင်ဆိုင် လာဘ်စားမှုတွေကလည်း များလာတယ်။ ကျွန်တော်တို့အနေနဲ့ ဒါကို အခွင့်ကောင်း ယူဖို့လိုတယ်။ သူတို့ဘက်မှာ ပြိုကွဲနေပြီဆိုတာအတိအကျပဲ”လို့ သူက ပြောပါတယ်။

စစ်တပ်ရဲ့ထိပ်ပိုင်းစစ်ဗိုလ်ချုပ်တွေထဲ နံပါတ်စဉ် ၆ နေရာမှာ ဩဇာညောင်းတဲ့ စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုနဲ့ပတ်သက်ပြီး နေအိမ်မှာ အကျယ်ချုပ်ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ သတင်းဌာနတချို့က ဖော်ပြကြပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) နဲ့ နိုင်ငံခြားငွေကြေးကြီးကြပ်ရေးကော်မတီ (FESC) တို့မှာ ဥက္ကဋ္ဌတာဝန်ယူထားသူဖြစ်ပြီး လတ်တလောမှာတော့ သူ့နေရာကို စစ်ကောင်စီဘက်က အစားထိုးခန့်အပ်လာတာ မတွေ့ရသေးပါဘူး။

ဒါ့အပြင် ကုန်သွယ်မှုနဲ့ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီ အတွင်းရေးမှူး ဗိုလ်ချုပ်ရန်နောင်စိုးကိုလည်း စက်တင်ဘာ ဒုတိယပတ်မှာ စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။

အဲဒီနောက်ပိုင်း ရွှေဗျိုင်းဖြူနဲ့ ATOM ဆက်သွယ်ရေးလုပ်ငန်းမှာ ရှယ်ယာအများဆုံးပိုင်ဆိုင်သူ ဦးသိန်းဝင်းဇော်နဲ့ ထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်တချို့ကို စစ်ကောင်စီက ဖမ်းဆီးစစ်ဆေးနေတယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ စစ်ကောင်စီအနေနဲ့ တိုင်းပြည်တည်ငြိမ်အောင် မလုပ်နိုင်တဲ့အခြေအနေမှာ စီးပွားရေးကလည်း ထိခိုက်လာတာကြောင့် အချင်းချင်းကြားမှာ ပြဿနာထွက်လာစရာရှိမယ်လို့ သုံးသပ်ပါတယ်။

“သူတို့အတွင်းမှာ ဖြစ်တာတော့ ဖြစ်မှာပဲ။ ဒါပေမယ့် ကြည့်ရတာတော့ အာဏာသိမ်းထားတဲ့ မင်းအောင်လှိုင်တို့အဖွဲ့ကတော့ အပေါ်စီးရတယ်နဲ့ တူပါတယ်။ သူတို့ထဲမှာ ပြဿနာတွေက ရှိပုံရတယ်။တိုင်းပြည်တည်ငြိမ်အောင်မှ မလုပ်နိုင်တာကြီးကို။ စီးပွားရေးကလည်း ထိခိုက်လာတော့ အချင်းချင်းကြားမှာ ပြဿာနာတွေတော့ ထွက်လာစရာတော့ရှိမယ်။ ကျန်တာတွေက ကောလာဟလတွေပဲ၊ ဘာမှ သေသေချာချာ မသိတော့လေ”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာတော့ စစ်ကောင်စီအဖွဲ့ဝင်တွေဟာ တိုင်းရင်းသားပြည်နယ်တွေမှာရှိတဲ့ မြို့နယ်အသီးသီးက ဌာနဆိုင်ရာ တာဝန်ရှိသူတွေ ဝန်ထမ်းတွေ လူမှုရေး ဘာသာရေးအသင်းအဖွဲ့တွေ စီးပွားရေးလုပ်ငန်းရှင်တွေ တိုင်းရင်းသားတွေနဲ့ ဒေသဖွံ့ဖြိုးရေး၊ပညာရေး၊ဘာသာရေး၊စီးပွားရေးစတဲ့ ခေါင်းစဉ်တွေနဲ့ ဆက်တိုက်တွေ့ဆုံနေပါတယ်။

ဝါဒဖြန့်သတင်းစာတွေရဲ့ ဖော်ပြချက်အရ ပြီးခဲ့တဲ့ တစ်ပတ်တာအတွင်း စစ်ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ကချင်ပြည်နယ်၊ဒေါက်တာမှုထန်က ချင်းပြည်နယ်၊ ဒေါက်တာဘရွှေက ရခိုင်ပြည်နယ်၊ မန်းငြိမ်းမောင်နဲ့ ခွန်စံလွင်တို့က ကရင်နဲ့မွန်ပြည်နယ်၊ ပိုးရယ်အောင်သိန်းက ကယားပြည်နယ်နဲ့ ဦးရွှေကြိမ်းနဲ့ ဦးရန်ကျော်တို့က ရှမ်းပြည်နယ်မှာ တည်ငြိမ်မှုရှိတဲ့ မြို့နယ်တွေအတွင်း စည်းရုံးရေး ဆင်းနေကြတာပါ။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဌ ခွန်မြင့်ထွန်းကတော့ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုဖြစ်အောင် ကောင်စီအဖွဲ့ဝင်တွေရဲ့ လူမျိုးအလိုက် စည်းရုံးရေးဆင်းခိုင်းတာဖြစ်သလို စစ်အာဏာရှင်စနစ် အိမ်အိုကြီးပြိုမကျအောင် ဝိုင်းဝန်းထောက်ကန်ကြတာလို့ သုံးသပ်ပါတယ်။

“ရွေးကောက်ပွဲလုပ်နိုင်ရင်လည်း ရွေးကောက်ပွဲအတွက်ကို ပြင်ဆင်မှုဖြစ်အောင် ရွေးကောက်ပွဲခေါင်းစဉ်တပ်ပြီး မိမိတို့လူမျိုးအလိုက်တွေကိုလိုက်ပြီး စည်းရုံးရေးဆင်းခိုင်းတာလို့ မြင်ပါတယ်။တစ်နည်းအားဖြင့် စက်တင်ဘာ ၁ ရက်နေ့နောက်ပိုင်း စင်္ကာပူဘဏ်အပါအဝင် နိုင်ငံတကာဘဏ်ကနေ အရေးယူမှုတွေ ပြင်းထန်လာတဲ့အခါမှာ အခုချိန်ကာလကတော့ စစ်ကောင်စီအတွက် ဟန်ချက်တွေစပြီးတော့ ပျက်လာတဲ့အချိန်လို့ ပြောရမှာဖြစ်ပါတယ်။ ဟန်ချက်တွေပျက်လာတာနဲ့အညီ ဟန်ချက်မပျက်အောင် အားလုံးထွက်ပြီး အလုပ်လုပ်ကြရေး တတ်နိုင်သမျှ ဝိုင်းပြီးဝန်းကြ။ အိမ်အိုကြီးကို ထောက်ကန်ကြပေါ့လေ။ အဲဒီလိုလုပ်နေကြတာလို့ ထင်ပါတယ်။ စစ်အာဏာရှင်စနစ် အိမ်အိုကြီးက ပြိုကျတော့မယ်။ ပြိုမကျအောင် အားလုံးဝိုင်းကြဝန်းကြ ထောက်ကန်ကြ ဝိုင်းလုပ်ခိုင်းတာလို့ ထင်ပါတယ်” လို့ သူက ဆိုပါတယ်။

ကောင်စီအဖွဲ့ဝင်တွေကတော့ သူတို့ ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားတွေကို စစ်ကောင်စီရဲ့ ရှေ့လုပ်ငန်းစဉ် ၅ ရပ် အပါအဝင် နိုင်ငံရေးရည်မှန်းချက်မှာ ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးပင်ဖြစ်တယ်လို့ ပြောဆိုသိမ်း သွင်းနေကြတာပါ။

လက်ရှိမှာတော့ နိုင်ငံတကာပိတ်ဆို့မှုတွေနဲ့အတူ သံတမန်ရေးရာနဲ့ စစ်ရေးတွေမှာ ယိုင်နဲ့လာတဲ့ စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လက်နက်ကိုင်ခုခံတော်လှန်မှုကို သာလွန်အင်အားနဲ့ လက်နက်ကြီးပစ်ကူတွေ လေကြောင်းပစ်ကူတွေကို အသုံးပြုပြီး ကျားကန်ထားရတာ ဖြစ်ပါတယ်။

ဓာတ်ပုံ – MOI

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.