ရေး၊ စက်တင်ဘာ(၁၄)

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အမျိုးသမီး ၄ ဦးအပါအဝင် အရပ်သားပြည်သူ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၃ နာရီအချိန်လောက်မှာ ကျောင်းရွာအခြေစိုက် စစ်ကောင်စီ အမှတ် (၅၉၁) ခြေမြန်တပ်ရင်းကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့တွေက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

ပူးပေါင်းတပ်ဖွဲ့ဘက်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်တွေဟာ ကျောင်းရွာကျေးရွာထဲနဲ့ စစ်ကောင်စီတပ်ဝန်းအနီး ကျရောက်ပေါက်ကွဲခဲ့တာပါ။

လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံတွေဖြစ်တဲ့ ဒေါ်ခင်သန်းဦး၊ ဒေါ်ကြည်ဝင်းအပါအဝင် သက်လတ်ပိုင်းအမျိုးသမီး ၄ ဦးနဲ့ အသက် ၅၉ အရွယ် ဦးချစ်အောင်တို့ ဦးခေါင်း၊ လက်နဲ့တင်ပါးတွေမှာ မိုင်းစထိမှန်ဒဏ်ရာ အသီးသီးရရှိခဲ့ပါတယ်။

လက်နက်ကြီးကြောင့် ဦးခေါင်းထိမှန်ဒဏ်ရာရရှိခဲ့တဲ့ အမျိုးသမီး ၂ ဦးကိုတော့ ရေးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသထားတယ်လို့ သိရပါတယ်။

လက်နက်ကြီး ပစ်ခတ်ခံရပြီးနောက် စစ်ကောင်စီတပ်ကနေ ကျောင်းရွာကျေးရွာအပြင်ဘက်နဲ့ အနီးပတ်ဝန်းကျင် ကျေးရွာတချို့ကို လက်နက်ကြီး ပစ်ခတ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက ပြောဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မွန်ပြည်နယ်၊ ရေးမြို့နယ်မှာ အာဏာသိမ်းကာလအတွင်း လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုအတွင်း အရပ်သားပြည်သူတွေ မကြာခဏထိခိုက်သေဆုံးတာတွေ ဖြစ်ပေါ်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Saw Ba Maung

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.