မုန်း၊ စက်တင်ဘာ(၁၃)
ကရင်အမျိုးသားအစည်းအရုံးKNU ညောင်လေးပင်ခရိုင်၊ တပ်မဟာ(၃) မုန်းမြို့နယ် မိချောင်းခေါင်းကျေးရွာထဲကို စစ်ကောင်စီတပ်စခန်းကနေ လက်နက်ကြီးပစ်ခတ်ခဲ့တဲ့အတွက် ဒေသခံအမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်က မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ဘိုမတီးစခန်းကနေ မိချောင်းခေါင်းကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်ခဲ့တာကြောင့် အသက် ၆၁ နှစ်အရွယ် ဒေါ်ခင်စန်းဝင်း ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တာပါ။
ဒါ့အပြင် စက်တင်ဘာ ၈ ရက်နေ့ကလည်း KNU မုန်းမြို့နယ်၊ ထောရေဒဲကျေးရွာထဲကို စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်တွေနဲ့ ဗုံး ၂ လုံးကြဲချခဲ့တဲ့အတွက် ကျေးရွာအနီးရှိ လယ်ကွက်တွေထဲမှာ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။
ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုမရှိပေမယ့် ကျေးရွာနေပြည်သူတွေဟာ ထိတ်လန့်ကြောက် ရွံ့စွာနဲ့ အသက်ရှင်နေထိုင်ကြရတယ်လို့ KNU က ဆိုထားပါတယ်။
KNU ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ နှစ်သိန်းကျော် ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေလည်း လိုအပ်လျက်ရှိနေတယ်လို့ ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ယက် (KPSN)က ထုတ်ပြန်ပြောဆိုချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU