မုံရွာ – စက်တင်ဘာ(၁၃)

စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေရဲ့ စစ်ကောင်စီကို အစာငတ် ခံဆန္ဒပြ တောင်းဆိုမှုအောင်မြင်ခဲ့ပြီး စစ်ကောင်စီဘက်က လိုက်လျောခဲ့ရတယ်လို့ မုံရွာလူထု သပိတ်တိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်ထားပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေဟာ တောင်းဆိုချက်(၄) ချက်ကို အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။

မုံရွာအကျဉ်းထောင်မှာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အစာငတ်ခံ တိုက်ပွဲဝင်မှုဟာ နောက်ဆုံးမှာ အနိုင်ရရှိခဲ့ပြီး ဒီလိုအခြေအနေကို ပြန်လည်ရရှိလာတာဟာ ထောင်တွင်းနိုင်ငံရေး အကျဉ်းသားတွေရဲ့ ခိုင်မာတဲ့ စိတ်ဓာတ်နဲ့ ဖိနှိပ်ညှဉ်းပန်းမှုကို ခုခံတွန်းလှန်နိုင်ခဲ့တာကြောင့် ဖြစ်တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အနိုင်မခံ အရှုံးမပေးတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ တော်လှန်သော စိတ်ဓာတ်ကို မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက လေးစားစွာ မှတ်တမ်းတင် ဂုဏ်ပြုတယ်လို့ လည်းဆိုထားပါတယ်။

လက်ရှိမှာတော့ အစာငတ်ခံ ဆန္ဒပြခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ကျန်းမာရေး အခြေအနေအသေးစိတ်ကို သံလွင်တိုင်းမ်က စုံစမ်းနေပေမယ့် အတည်ပြုလို့တော့ မရသေးပါဘူး။

မုံရွာထောင်မှာ နိုင်ငံရေးအကျဉ်းသားတွေ တောင်းဆိုထားတဲ့ မုံရွာထောင် တာဝန်ခံအရာရှိကိုယ်တိုင် အပတ်စဉ် ထောင်ပိုင်တန်းစီးမှာ ခွင့်ပြုထားတဲ့ အကျဉ်းသားတစ်ဦးကို စာအုပ်(၃)အုပ်စီ သိမ်းဆည်းခွင့်ပြန်ပေးဖို့၊ အကျဉ်းသားတစ်ဦးကို ပုံစံ(၃)စုံစီ ခွင့်ပြုထားပေမယ့် သိမ်းဆည်းထားတာတွေကို ပြန်ပေးဖို့၊ သိမ်းဆည်းထားတဲ့ စားအိုးစားခွက်တွေ၊ အစားအသောက်တွေနဲ့ ဟင်းတွေကို ပြန်ပေးဖို့အပြင် အကျဉ်းသားတစ်ဦးမှာ စာ(၁၀)စောင်၊ပုံ(၁၀)ပုံသိမ်းခွင့်ပြုထားတာကို သိမ်းဆည်းသွားတဲ့ စာတွေ ပုံတွေကို ပြန်ပေးဖို့ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေရဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလ(၈) ရက်နေ့က စတင်ခဲ့တဲ့ အစာငတ်ခံ ဆန္ဒပြပွဲဟာ ဒီနေ့ စက်တင်ဘာလ (၁၃) ရက်နေ့မှာတော့ အနိုင်ရရှိခဲ့တာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – မုံရွာလူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.