မယ်စဲ့၊ စက်တင်ဘာ(၁၃)
တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေတဲ့ ကယားပြည်နယ် မယ်စဲ့မြို့နယ် စစ်ရှောင်ဒေသခံတွေကို ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့နေတယ်လို့ စစ်ရှောင်အရေး ကူညီနေသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဇွန်လအတွင်း စစ်ကောင်စီတပ်နဲ့ ကရင်နီတော်လှန်ရေးအင်အားစုတို့ရဲ့ တိုက်ပွဲတွေကြောင့် မယ်စဲ့မြို့နယ်ဒေသခံ ၅၀၀၀ ကျော်ဟာ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲ ထွက်ပြေးခိုလှုံခဲ့ရတာပါ။
အဲဒီထဲက စစ်ရှောင်ပြည်သူ ၆၀၀၀ ကျော်ကို ထိုင်းအာဏာပိုင်းတွေက စက်တင်ဘာပထမအတွင်း ပထမဆုံးအကြိမ် နေရပ်ပြန်ပို့လာတာ ဖြစ်ပါတယ်။
နေရပ်ပြန်ပို့ခံရတဲ့ စစ်ရှောင်ပြည်သူအများစုဟာ ထိုင်းအာဏာပိုင်တွေရဲ့ ဖိအားကြောင့် နေရပ်ပြန် လာခဲ့ရတာဖြစ်ပြီး အနည်းကျဉ်းကသာ မိမိဆန္ဒအလျောက် နေရပ်ပြန်လာကြတာ ဖြစ်ပါတယ်။
ကရင်နီပြည်နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ အတွင်းရေးမှူး(၂) ဦးဗညားကတော့ ထိုင်းအာဏာပိုင်တွေ နေရပ်ပြန်ပို့တဲ့ စစ်ရှောင်ပြည်သူတွေထဲမှာ လူလတ်ပိုင်းတွေ အများဆုံးပါဝင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ထိုင်းက မယ်စဲ့ကအချို့အုပ်စုတွေကို မယ်စဲ့ကိုပြန်ခိုင်းတာပေါ့နော်။ အဲဒီတော့ သူတို့ကသူတို့ရဲ့ ကတိအတိုင်းပေါ့နော်။ တိုက်ပွဲနဲနဲငြိမ်တယ်။ အဲဒီအတွက်ကြောင့်မလို့ ပြန်လို့ရတယ်။ ဦးစားပေးအနေနဲ့ လူပျိုလူလွတ်တွေ ပွင့်ပွင့်လင်းလင်းပြောရရင် အမျိုးသားတွေကို ဦးစားပေး ပြန်ခိုင်းတာတွေရှိတယ်။ အဲဒါကြောင့်အမျိုးသားတွေ ပြန်ရောက်လာရတာဖြစ်တယ်။ ပြီးမှပဲနောက်ပိုင်းတွေမှာ အမျိုးသမီးတွေ၊ ကလေးတွေကိုပြန်ခိုင်းတာပေါ့နော်” လို့ ဆိုပါတယ်။
နေရပ်ပြန်လာတဲ့ စစ်ရှောင်ပြည်သူတွေဟာ လက်ရှိအချိန်အထိ မူရင်းဒေသတွေထံ ပြန်သွားတာမရှိဘဲ ထိုင်း-ကယားနယ်စပ်မှာရှိတဲ့ မယ်စဲ့စစ်ရှောင်စခန်းတွေမှာပဲ အခြေအနေစောင့်ကြည့်ပြီး ဆက်လက် ခိုလှုံနေကြတယ်လို့ သိရပါတယ်။
မယ်စဲ့စစ်ရှောင်စခန်းမှာ စစ်ရှောင်ပြည်သူတွေ ထပ်များလာတာကြောင့် ကုန်ဈေးနှုန်းအဆမတန် ကြီးမြင့်နေပြီး အခြေခံစားနပ်ရိက္ခာ ပြတ်လပ်လာမှာကို စစ်ရှောင်အရေးကူညီနေသူတွေက စိုးရိမ်နေကြတာပါ။
တဖက်မှာတော့ စစ်ကောင်စီဟာ လက်လွှတ်ထားရတဲ့ မယ်စဲ့စခန်းကို ပြန်လည်သိမ်းပိုက်ဖို့ မြေပြင်စစ်ကြောင်းတွေအပြင် လေကြောင်းတိုက်ခိုက်မှုတွေ အဆက်မပြတ်ပြုလုပ်နေတဲ့အတွက် စစ်ရှောင်ပြည်သူတွေမှာ စိုးရိမ်မှုတွေ မြင့်တက်နေတာပါ။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Thai PBS