နေပြည်တော်၊ စက်တင်ဘာ(၁၃)

အာဏာသိမ်း စစ်ကောင်စီလက်ထက် ကမ္ဘာတဝန်းမှာရှိတဲ့ ပညာရေးကဏ္ဍတိုက်ခိုက်ခံရမှု ထိပ်ဆုံးနိုင်ငံစာရင်းတွေထဲမှာ မြန်မာနိုင်ငံပါဝင်လာတယ်လို့ နိုင်ငံတကာပညာရေးစောင့်ကြည့်ရေးအဖွဲ့ (GCPEA) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်း ယူကရိန်း၊ မြန်မာနဲ့ဘာကီနာဖာဆိုနိုင်ငံဆိုတဲ့ နိုင်ငံ ၃ နိုင်ငံမှာ အများဆုံးဖြစ်ပေါ်ခဲ့တယ်လို့ စက်တင်ဘာ ၉ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာဆိုင်ရာ ပညာရေးကာကွယ်ရေးနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း ကမ္ဘာတဝန်း ပညာရေးကဏ္ဍ တိုက်ခိုက်ခံရမှုအနေနဲ့ ဖြစ်စဉ်ပေါင်း ၃၀၀၀ ကျော် ရှိခဲ့ပြီး အဲဒီထဲမှာကျောင်းသား၊ ကျောင်းသူနဲ့ ဆရာ၊ ဆရာမပေါင်း ၆၇၀၀ ကျော် ဖမ်းဆီးခံရတာ၊ ဒဏ်ရာရရှိတာနဲ့ သတ်ဖြတ်ခံရတာတွေ ရှိခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် အစိုးရလက်နက်ကိုင်အဖွဲ့အစည်းတွေရော၊ အစိုးရမဟုတ်တဲ့ လက်နက်ကိုင်အဖွဲ့တွေကရော စာသင်ကျောင်းတွေကို စစ်ရေးပစ်မှတ်အဖြစ် အသုံးပြုတိုက်ခိုက်ခဲ့တာရှိပြီး အဲဒီတိုက်ခိုက်မှုအနေနဲ့ ဖြစ်စဉ်ပေါင်း ၅၀၀ ကျော်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

CDM ဆရာမတစ်ဦးက မြန်မာနိုင်ငံမှာတော့ ပညာရေးကဏ္ဍကို စစ်ကောင်စီကနေ အဓိကပစ်မှတ်ထား တိုက်ခိုက်လာတာကို တွေ့နေရသလို ပညာရေးအပေါ် အဆိုးဝါးဆုံးဖိနှိပ်ခံနေရတယ်လို့ ဝေဖန်တာပါ။

“လေကြောင်းနဲ့ပဲဖြစ်ဖြစ်၊ မြေပြင်ကနေပြီးတော့ စစ်ကြောင်းထိုးတာပဲဖြစ်ဖြစ်၊ သူတို့ကရွာတိုင်းမှာ သူတို့ဝင်တဲ့ ရွာတိုင်းမှာဆိုလို့ရှိရင် အဓိကပြစ်မှတ်က စာသင်ကျောင်းတွေကို ပစ်မှတ်ထားသလိုဖြစ်ပြီးတဲ့အခါ စာသင်ကျောင်းတွေကို မီးရှို့တယ်။ ပစ်တယ်ပေါ့နော်။ ဆရာ၊ ဆရာမတွေကိုလည်း ကျွန်မတို့မြို့နယ်က အများဆုံးဖမ်းခံရတဲ့ မြို့နယ်လည်းဖြစ်တယ်။ ဖမ်းပြီးသတ်ဖြတ်ခံရတာမျိုးတွေလည်း ရှိပါတယ်။ ကျွန်မတို့ကတော့ ကလေးတွေကို ပညာတတ်လေးတွေကို မျှော်မှန်းတယ်။ နိုင်ငံတော်အတွက်လည်း အားကိုးတယ်။ သူတို့ရဲ့ပစ်မှတ်က ဒီပညာတတ်တွေသာမရှိခဲ့ရင် သူတို့ပဲဆက်လက်ပြီး အုပ်ချုပ်မယ်။ နောင်တက်လာမယ့် အနာဂတ်မျိုးဆက်သစ်တွေကို သူတို့လက်မခံနိုင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ ဒီပညာတတ်တွေကို အခုချိန်တည်းကနှိမ်ပြီး ထားတယ်ဆိုတဲ့ ပုံစံမျိုးထင်တယ်။ သူတို့ပဲအုပ်ချုပ်မယ်၊ သူတို့ပဲဦးစီးမယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် လက်ရှိမြေပြင်အခြေအနေကို ကြည့်ပါကလည်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာ၊ ဒေသတွင်းစစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ပညာသင်ကြားဖို့ကအစ အခက်အခဲဖြစ်နေရတယ်လို့ သူက ဆက်ပြောပါတယ်။

CDM ကျောင်းဆရာတစ်ဦးကလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျောင်းတွေလုံးဝ မဖွင့်နိုင်တော့တဲ့ အခြေအနေကို ရောက်ရှိလာသလို ကျောင်းနေအရွယ်ကလေးတွေရဲ့ အနာဂတ်ပျောက်ဆုံးလာတယ်လို့ ပြောပါတယ်။

“ဒီလိုတိုက်ခိုက်ခံရတယ်ဆိုတော့ ကျောင်းတွေက တဖြည်းဖြည်းနဲ့ လုံးဝမဖွင့်နိုင်တော့ဘူး။ မြို့ပေါ်တွေရော ကျေးလက်တွေရောပေါ့။ ပြီးတော့ ကျောင်းအုပ်ဆရာမတွေ၊ CDMလုပ်တဲ့ ဆရာ၊ ဆရာမတွေကို စစ်အုပ်စု ဖမ်းထားတာတွေကတော့ အများကြီးပဲဗျ။ ကလေးတွေရဲ့ အနာဂတ်တွေလမ်းတွေ ပျောက်ဆုံးတာပေါ့ဗျာ။ ကလေးတွေမှာ စိတ်ခံစားချက်လည်းဖြစ်၊ ကျောင်းလည်းဆက်တက်လို့ မဖြစ်။ ပညာရေးရော၊ စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာတွေရတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကတော့ အင် မတန်မှဆိုးရွားပါတယ်။ တော်တော်လေးကို ဒုက္ခရောက်ပါတယ်။ မိဘတွေကလည်း ဘာမှမတတ်နိုင်တော့ ဒီအတိုင်းပဲ ကြည့်နေရတဲ့ဘဝ ဖြစ်တာပေါ့ဗျာ။ ဒီစစ်ကောင်စီလုပ်ရပ်တွေကတော့ လူမဆန်ဘူးလို့ ပြောရမှာပေါ့၊ လူသားချင်းစာနာထောက်ထားမှု မရှိတော့တဲ့ ဘယ်လိုပြောမလဲ။ သားသမီးချင်းကိုယ်ချင်းမစာတဲ့ဘဝကို ရောက်တော့တာပဲ”လို့ ဆိုပါတယ်။

ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG ရဲ့ စစ်တမ်းတွေအရ အာဏာသိမ်းကာလအတွင်း မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေမှာ စစ်အုပ်စုရဲ့ စာသင်ကျောင်းတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှု ၂၄ ကြိမ်အထက်ရှိနေပြီး စာသင်ကျောင်းအဆောက်အဦး ၃၇ လုံးကျော် လုံးဝပျက်စီးသွားခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် ပညာရေးအပေါ် စစ်အုပ်စုရဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာနေတာကို မြင်တွေ့နေရပြီး စစ်ရေးနည်းဗျူဟာတစ်ခုအနေနဲ့ စာသင်ကျောင်းတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တဲ့လုပ်ရပ်တွေကို အပြင်းအထန်ရှုတ်ချတယ်လို့ KHRG က ဆိုထားပါတယ်။

ပညာရေးကဏ္ဍ ဖိနှိပ်ခံနေရပေမယ့် စစ်ခေါင်းဆောင် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်က ဆင်းရဲမွဲတေမှုလျော့ချပြီး လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးလက်ဒေသနဲ့ အစွန်အဖျားနေရာတွေမှာ စာတတ်မြောက်အောင် လုပ်ဆောင်ကြဖို့ ဝါဒဖြန့်တိုက်တွန်းနေတာပါ။

ပညာရေးကဏ္ဍစောင့်ကြည့်ရေးအဖွဲ့တစ်ခုဖြစ်တဲ့ (ECW) ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံက ကလေးငယ် ၁၇ သန်းဟာ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လက်နက်ကိုင် ပဋိပက္ခအကျိုးဆက်တွေကြောင့် ပညာသင်ကြားခွင့် ဆုံးရှုံးနေရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KHRG

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.