“ရန်သူစစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး၊ နယ်မြေစည်းလုံးရေးကို လုပ်နိုင်တဲ့အခြေအနေတော့ မရှိဘူး။ သူတို့ရဲ့တပ်နဲ့ မြို့တွေကာကွယ်ရေးကို ဆောင်ရွက်နေတာပဲရှိတယ်။ မြို့ပြအုပ်ချုပ်ရေး၊ ကာကွယ်ရေးဆိုတာ သူတို့ဘာမှလုပ်နိုင်မှု မရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်”

အာဏာသိမ်းနှစ်နှစ်ခွဲကျော်ကာလအတွင်း မွန်ပြည်နယ်တောင်ပိုင်းဒေသကို တော်လှန်ရေးအင်အားစု ပူး ပေါင်းတပ်ဖွဲ့တွေဘက်က နယ်မြေထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းတာတွေ ရှိနေသလို စစ်ကောင်စီဘက်ကလည်း နယ်မြေလက်မလွှတ်ဖို့အတွက် စစ်ရေးပြင်ဆင်တာတွေ ဆက်တိုက်လုပ်နေတာပါတယ်။ ဒါကြောင့်လက်ရှိ နှစ်ဖက်စစ်ရေး အခြေအနေ၊ စစ်ကောင်စီဘက်က စစ်ရေးပြင်ဆင်မှု၊ လာမယ့်ပွင့်လင်းရာမှာ ဖြစ်ပွားလာနိုင်တဲ့ စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ အရင်ဆုံး စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်အတွင်း စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေ ထိတွေ့တိုက်ပွဲအခြေအနေကရော ဘယ်လိုရှိလဲ။

လက်ရှိစစ်အုပ်ချုပ်ရေးကြေညာထားတဲ့ ရေးမြို့နယ်အတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကျွန်တော်တို့တော်လှန်ရေး တပ်တွေ တိုက်ပွဲကတော့ ဖြစ်နေမှာပဲ။ ကျွန်တော်တို့စစ်ဆင်ရေးတွေ လုပ်နေမယ်ဆိုရင် တိုက်ပွဲတွေ ဖြစ်နေဦး မှာပဲ။ ရန်သူစစ်ကောင်စီတပ်တွေ နယ်မြေရှင်းလင်းရေး နယ်မြေစည်းလုံးရေးကို လုပ်နိုင်တဲ့အခြေအနေတော့ မရှိဘူး။ သူတို့ရဲ့တပ်နဲ့ မြို့တွေ ကာကွယ်ရေးကို ဆောင်ရွက်နေတာပဲရှိတယ်။ မြို့ပြအုပ်ချုပ်ရေးကာကွယ် ရေး ဆိုတာ သူတို့ဘာမှလုပ်နိုင်မှု မရှိဘူးလို့ ကျွန်တော်ပြောချင်ပါတယ်။

 ၂။ အခုနောက်ပိုင်း စစ်ကောင်စီဘက်က သူတို့တပ်ဖွဲ့ဝင်တွေ တပ်အင်အားဖြည့်တင်းသွားလာရေး၊ ရိက္ခာ ထောက်ပို့ရေးတွေမှာ ပင်လယ်ကမ်းစပ်ရှိတဲ့ ကျေးရွာအတွင်းက ဆိပ်ကမ်းတွေကို အသုံံးပြုပြီး ရေလမ်းကြောင်း ကနေ လှုပ်ရှားနေတာတွေ ရှိနေတယ်လို့ ကြားသိရပါတယ်။ မြေပြင်မှာဘယ်လိုလှုပ်ရှားမှုတွေ ရှိနေလဲ။

ရေး-ထားဝယ်ကားလမ်းကို တော်လှန်ရေးအင်အားစုတွေ လုံခြုံရေးစစ်ဆင်ရေး ဆောင်ရွက်ခဲ့တာ အတော် လေးကြာခဲ့ပြီမို့ အခုစစ်ဆင်ရေးက အင်အားဖြည့်တင်းတာတို့၊ ရိက္ခာဖြည့်ဆည်းတာတို့၊ လမ်းပန်းခရီးသွား လာရေးမှာ အတော်လေးကို အခက်အခဲရှိနေပါတယ်။ လွန်ခဲ့တဲ့အပတ်က  ရေးမြို့အခြေစိုက်ခလရ၆၁ကို အင်အားဖြည့်တင်းလာတဲ့ တပ်တွေကို ဒေါနစစ်ကြောင်းနဲ့ ပေါင်းပြီးတော့ သွားရောက်တိုက်ခိုက်ခဲ့တာရှိတယ်။ သူတို့အင်အားဖြည့်တာက ရေလမ်းကနေလာကြတာ။ အဲဒီလိုအခြေအနေတွေ ရှိနေပါတယ်။ ရေး-ထားဝယ် ကားလမ်းဟာ စစ်ကောင်စီအတွက် လုံခြုံတဲ့ကားလမ်းမဖြစ်တော့ဘူးဆိုတာ သူတို့ကိုယ်တိုင်ကြုံခဲ့တာမို့ ရေ လမ်းကိုသုံးပြီးတော့ လက်နက်ရိက္ခာဖြည့်တင်းတာတို့၊ ခရီးသွားတာတို့ကို ရေလမ်းကနေစတင်လှုပ်ရှားနေပြီလို့ ပြောချင်ပါတယ်။

၃။မွန်ပြည်နယ် တောင်ပိုင်းဒေသအတွင်း လာမယ့်ပွင့်လင်းရာသီမှာ စစ်ဆင်ရေးတွေ ဒီထက်ပိုပြီး ပြင်းထန် လာနိုင်ချေရှိမလား။ ဘယ်လိုသုံးသပ်ပါသလဲ။

လာမယ့် ပွင့်လင်းရာသီ၊ ခြောက်သွေ့ရာသီမှာ မွန်ပြည်နယ်တောင်ပိုင်းမှာ စစ်ဆင်ရေးတွေ ပိုအဆင့်မြှင့်တာ တွေ ရှိလာမယ်။ တိုက်ပွဲတွေ၊ စစ်ဆင်ရေးတွေ ပိုပြီးလှုပ်ရှားလာနိုင်မယ်။ စစ်ရေးလမ်းကြောင်းတွေ၊ လက်နက် ကိရိယာတွေ သယ်ဆောင်ရတာပိုအဆင်ပြေတဲ့အတွက် ကျွန်တော်တို့ ပိုပြီးဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ စစ်  ကောင်စီတွေ အခုချိန်မှာ ပိုပြီးအင်အားနည်းပြီး နာလန်မထနိုင်အောင် စစ်ဆင်ရေးတွေ ပိုမိုလှုပ်ရှားဖို့ လိုပါ တယ်။ အခုမွန်ပြည်နယ်တောင်ပိုင်း ရေးနဲ့သံဖြူဇရပ်ကြားမှာ ကျားဖြူစစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ ရေးတောင်ဘက်ပိုင်းမှာ ဒေါနစစ်ကြောင်း၊ အားလုံးစစ်ကြောင်းကြီးသုံးကြောင်းက အတူလှုပ်ရှားနေတဲ့အတွက် ကြောင့် စစ်ရေးတွေ မကြာခင်ပိုပြီးများပြားလာမယ်။ နောက်ပြီးတော့ တော်လှန်ရေးအင်အားစုတွေကြားမှာ ပူးပေါင်းဆောင်ရွက်ပြီးတော့ စစ်ဆင်ရေးတွေ ဖော်ဆောင်လာမှာဖြစ်တဲ့အတွက်ကြောင့် မွန်ပြည်နယ်တောင် ပိုင်းမှာ စစ်ဆင်ရေးတွေ၊ တိုက်ပွဲတွေ၊ ပွင့်လင်းရာသီမှာ ပိုပြီးဖြစ်လာနိုင်တယ်လို့ ပြောချင်ပါတယ်။

၄။ နောက်ဆုံးအနေနဲ့ ဒေသတွင်းသွားလာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကိုရော လုံခြုံရေးနဲ့ပတ်သက်ပြီး ဘာများ သတိပေးချင်တာရှိမလဲ။

ဒေသတွင်းသွားလာလှုပ်ရှားနေကြတဲ့ မွန်ပြည်သူတွေအားလုံးကို ကျွန်တော်တို့အနေနဲ့ ပန်ကြားချင်တာကတော့ အကြောင်းတစ်စုံတစ်ရာမရှိဘူးဆိုရင် ဒီခရီးသွားလာမှုတွေကို တတ်နိုင်သမျှလျော့ချပါ။ စစ်ကောင်စီတပ်စခန်း တွေ၊ စစ်ကောင်စီလှုပ်ရှားနေတဲ့ ပတ်ဝန်းကျင်တစ်လျှောက် အနီးဆုံးနေရာတွေမှာ မနေကြဖို့ ရှောင်ရှားကြဖို့ ပါ။ တောင်းပန်ချင်တာက ပြည်သူတွေအခုလိုသွားလာခက်ခဲနေတာတွေ ကြုံတွေ့နေတာကို ကျွန်တော်တို့အ နေနဲ့ အထူးပဲတောင်းပန်ချင်ပါတယ်။ အေးချမ်းသာယာတဲ့ ပြည်ထောင်စုကြီးတည်ဆောက်နိုင်ဖို့အတွက်က တော်လှန်ရေးအင်အားစုတွေက ဆက်ပြီးတိုက်ပွဲဝင်သွားရမယ်။ ဒီတိုက်ပွဲကြောင့် ဖြစ်ပေါ်လာတဲ့အခြေအနေ အခက်အခဲတွေကို ခဏလောက်သည်းခံပြီးစောင့်ဆိုင်းကြပါ။ စစ်အာဏာရှင်စနစ်ကိုဖြုတ်ချနိုင်မှ ကျွန်တော်တို့ သားစဉ်မြေးဆက်အနာဂတ်မှာ ငြိမ်းချမ်းမှာဖြစ်တဲ့အတွက်ကြောင့် အခုလိုကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ကျေးဇူးပြုပြီးတော့ ဝိုင်းဝန်းပြီးတော့ ဖြတ်ကျော်ဖို့ အကူအညီပေးကြပါလို့ ကျွန်တော်ပြောချင်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.