မော်လမြိုင်၊ စက်တင်ဘာ(၁၂)
ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၃)ခုရဲ့ တပ်မဟာမှူးတွေကို အသစ်ပြောင်းလဲခန့်အပ်လိုက်တယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက သံလွင်တိုင်းမ်ကို အတည်ပြုပါတယ်။
ကရင်အမျိုးသားအစည်းအရုံး(KNU) လက်အောက်ခံ လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ KNLA တပ်မဟာ (၄)၊ တပ်မဟာ(၆)၊ တပ်မဟာ(၇) စုစုပေါင်း တပ်မဟာ(၃)ရဲ့ တပ်မဟာမှူးနဲ့ ဗျူဟာမှူးတွေကို အခုရက်ပိုင်းထဲ ပြောင်းလဲခန့်အပ်ခဲ့တာပါ။
တပ်မဟာ(၃) ခုရဲ့ တပ်မဟာမှူးတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မှူးကြီး အ စည်းအဝေးကနေ ပြောင်းလဲခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။
KNLA တပ်မဟာ(၇) တပ်မဟာမှူးအဖြစ် ဗိုလ်မှူးကြီး စောဒိကွယ်ထူး၊ တပ်မဟာ(၄) တပ်မဟာမှူးအဖြစ် ဒုဗိုလ်မှူးကြီး စေားဖိုးလေး၊ တပ်မဟာ(၆)တပ်မဟာမှူးအဖြစ် ဗိုလ်မှူးကြီး စောကို့ထူးတို့ဖြစ်ကြပြီး ဗျူဟာမှူးအသစ်ကတော့ တပ်မဟာ(၇)က စောဖိုးဒူ၊ တပ်မဟာ(၄)က စောလေးသိန်း၊ တပ်မဟာ(၆)က စောနယ်ဒါးထူးတို့ဖြစ်ကြတယ်လို့ ကရင်အမျိုးသားမီဒီယာမှာ ဖော်ပြထားပါတယ်။
အရင်ကတော့ KNLA တပ်မဟာ(၇)ရဲ့ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဖေါဒို၊ တပ်မဟာ(၆)တပ်မဟာမှူး KNU ဥက္ကဌဟောင်း ဗိုလ်ချုပ်စောမူတူးစေးဖိုးရဲ့ ညီဖြစ်သူ ဗိုလ်မှူးချုပ်စောဆာမိစေးဖိုး၊ တပ်မ ဟာ (၄) တပ်မဟာမှူး ဗိုလ်မှူးချုပ်စောလေးမူတို့ ဖြစ်ကြတာပါ။
တပ်မဟာ(၃)ခုက တပ်မဟာမှူးနဲ့ ဗျူဟာမှူးတွေကို အသစ်ပြောင်းလဲခန့်အပ်လိုက်နိုင်တာဟာ ပြည်သူတွေအတွက် အောင်မြင်မှုတစ်ရပ်အဖြစ် ရှုမြင်တယ်လို့ ကရင်လူငယ်တစ်ဦးက ပြောဆိုပါတယ်။
KNLA တပ်မဟာမှူးအပြောင်းအလဲဟာ စစ်ရေးအပေါ် တိုက်ရိုက်ကြီးသက်ရောက်လိမ့်မှာ မဟုတ်ပေမယ့် KNU ရဲ့ မူဝါဒအတိုင်း စစ်အာဏာရှင်စနစ်ပြုတ်ကျရေးအတွက် ဆက်လက်လုပ်ဆောင်ဖို့ပဲ ရှိတယ်လို့ ပဒိုစောတောနီးက မှတ်ချက်ပြုထားပါတယ်။
KNLA တပ်မဟာ(၃)ခုထဲမှာ တပ်မဟာ(၆) ဒူးပလာယာခရိုင်တစ်ခုထဲမှာသာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲ အများအပြားဖြစ်ပွားခဲ့တာဖြစ်ပြီး တပ်မဟာ(၇)ဖားအံခရိုင်နဲ့ တပ်မဟာ(၄)ဘိတ်ထားဝယ်ခရိုင်တွေမှာ တိုက်ပွဲဖြစ်ပွားမှု အနည်းငယ်သာရှိတယ်လို့ KNU ဗဟိုထုတ်ပြန်ထားတဲ့ သတင်းအချက်အလက်အရ သိရပါတယ်။
သတင်း- သံလွင်တိုင်းမ်
ဓာတ်ပုံ-KNU/ကရင်အမျိုးသားမီဒီယာ