နေပြည်တော်၊ စက်တင်ဘာ(၁၂)

ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခငွေနှုန်းထားကို ၃ ဆ တိုးမြှင့်ကောက်ခံသွားဖို့ စစ်ကောင်စီ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက စက်တင်ဘာ ၈ ရက်နေ့ ရက်စွဲနဲ့ ညွှန်ကြားလာတာပါ။

စစ်ကောင်စီကညနရဲ့ ညွှန်ကြားချက်စာအရ ယာဉ်မှတ်ပုံတင်ကြေး ကောက်ခံနေတဲ့ အခငွေနှုန်းတွေဟာ ခေတ်ကာလနဲ့ လျော်ညီမှု မရှိတော့တာ၊ အခြေခံလစာတွေ တိုးမြှင့်လာတာ၊ ယာဉ်တန်ဖိုးတွေ မြင့်တက်လာတာကြောင့် ယာဉ်မှတ်ပုံတင်ကြေး တိုးကောက်ဖို့ လုပ်ဆောင်ရတာလို့ ဆိုထားပါတယ်။

ကောက်ခံသွားမယ့် ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခကြေးငွေတွေကို အရင်နှုန်းထားထက် ၃ ဆ တိုးမြှင့်သတ်မှတ်ဖို့ အခြေခံလျာထားပြီး တခြားပြင်ဆင်ဖို့ကျန်ရှိတဲ့ အခကြေးငွေတွေကိုစိစစ်ကာ စက်တင် ဘာ ၁၃ ရက်နေ့ အရောက်တင်ပြဖို့ နေပြည်တော်အပါအဝင် တိုင်းနဲ့ပြည်နယ် ကညနရုံးတွေကို ညွှန်ကြားထားတာပါ။

တိုးမြှင့်ကောက်ခံသွားမယ့် နှုန်းထားအနေနဲ့ မော်တော်ယာဉ် သတ်မှတ်ခုနှစ်ကွဲလွဲပါက တစ်နှစ်ကွာတိုင်း တစ်သိန်းကျပ် ကောက်ခံရာကနေ သုံးသိန်းထိ တိုးကောက်သွားမှာဖြစ်သလို တင်အားကွဲလွဲပါက ၃ တန်အထိ ကျပ်တစ်သိန်းမှ သုံးသိန်း၊ ၃ တန် အထက်ကို ကျပ်နှစ်သိန်းမှ ခြောက်သိန်းအထိ တိုးကောက်ဖို့ စီစဉ်ထားပါတယ်။

စက်မှုဇုန်ထုတ်မဟုတ်တဲ့ ယာဉ်တွေအနေနဲ့ အစိတ်အပိုင်း ပြောင်းလဲပါက ဒဏ်ကြေးအနေနဲ့ ကျပ် ၅ သိန်းကနေ ၁၀ သိန်းအထိ တိုးမြှင့်ကောက်ဖို့ စက်မှုဇုန်ထုတ်ယာဉ်တွေကို အစိတ်အပိုင်း ပြောင်းလဲပါက အမျိုးအစားပေါ်မူတည်ကာ ကျပ်ငါးသောင်း၊ ကျပ်တစ်သိန်း ကောက်ခံရာကနေ ကျပ်တစ်သိန်းခွဲကနေ ကျပ်သုံးသိန်းအထိ ကောက်ခံဖို့ ပြင်ဆင်ထားတာပါ။

ကနဦးယာဉ်မှတ်ပုံတင်ခနဲ့ ယာဉ်စစ်ဆေးခတွေကိုလည်း မော်တော်ယာဉ်ကြီးတစ်စီးကို ကျပ်လေးသောင်းကနေ ကျပ် ၁၃၀,၀၀၀ အထိ မော်တော်ယာဉ်ငယ်တွေကို ကျပ်နှစ်သောင်းကနေ ကျပ် ၆၅,၀၀၀၊ မော်တော်ဆိုင်ကယ်နဲ့ လျှပ်စစ်သုံးဘီးဆိုင်ကယ်တွေကို ကျပ်နှစ်သောင်းကနေ ကျပ်ငါးသောင်းအထိ တိုးမြှင့်ကောက်ခံသွားမယ်လို့ သိရပါတယ်။

ကုန်တင်ယာဉ်မောင်းတွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ စက်သုံးဆီဈေးနှုန်းကြီးမြင့်နေတာ၊ တိုက်ပွဲတွေကြောင့် လမ်းခရီးသွားလာဖို့ ခက်ခဲနေတာအပြင် အရင်လိုကုန်စည်စီးဆင်းမှုမရှိတဲ့ အနေအထားမှာ ယာဉ်မှတ်ပုံတင်ကြေး တိုးမြှင့်ကောက်ခံဖို့ စီစဉ်မှုအပေါ် ဝေဖန်တာတွေ ရှိနေပါတယ်။

ယာဉ်မှတ်ပုံတင်ဆိုင်ရာ အခငွေနှုန်ထားတိုးမြှင့်ကောက်ခံမှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းထားပေမယ့် လက်ရှိအချိန်အထိ ပြန်လည်ဖြေဆိုတာ မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.