ဆော – စက်တင်ဘာ(၁၂)

မကွေးတိုင်း၊ဆောမြို့နယ်ကိုလာမယ့် ကားတွေကို လမ်းပိတ်ပြီး ပြန်လွှတ်နေတာကြောင့် ကုန်ပစ္စည်း အဝင်ရပ်တန့်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၁) ရက်နေ့ကစပြီး အတက်ကား(ဆိပ်ဖြူ-ဆော) ကားတွေကို ပြန်လွှတ်နေတာကြောင့် မြို့ပေါ်မှာ ကုန်စျေးနှုန်းတွေမြင့်တက်နေတာပါ။

“ဆော၊ကန်ပက်လက်ဘက်၊ကျောက်ထုကိုတက်တဲ့ အတက်ကားတွေကို ကန်စွန်းမဂိတ်ကနေ ပြန် လွှတ်နေတာပါ။အဆင်းကားတွေကိုတော့ လက်ခံတယ်။ လမ်းပိတ်တဲ့အကြောင်းရင်းကိုတော့ မသိရသေးဘူး။မြို့ပေါ်မှာရှိတဲ့ ဆိုင်အချို့က ကုန်ပစ္စည်းတွေစျေးတင်ရောင်းနေကြပြီ။” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

လက်တလော စစ်ကောင်စီပိတ်ထားတဲ့ ကန်စွန်းမဂိတ်ဟာ တစ်ရက်ကို အနည်းဆုံး ဝင်ငွေ (၅) သိန်းဝန်းကျင်ရှိနေတာကြောင့် ကြာကြာ ပိတ်မှာမဟုတ်ဘူးလို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

“အတက်ကားလက်မခံတာ။ခဏပါ အကြာကြီးမပိတ်ဘူးဗျ။ သူတို့လမ်းပိတ်ရင်ငတ်မှာပေါ့ဗျ။ တစ်ဂိတ်ကို နေ့စဉ်ငါးသိန်းအထက်ပုံမှန်ရနေတာ။” လို့ PDF တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဆောမြို့နယ်နဲ့ ဆိပ်ဖြူမြို့နယ်ဟာ (၆၉)မိုင်ကွာဝေးပြီး စစ်ကောင်စီတပ်တွေက ပခုက္ကူ၊ကမ္မ၊ ပေါက်၊ချောက်၊ ဆိပ်ဖြူ၊ဆော လမ်းပိုင်းက(၁၀) မိုင်ကုန်း ဂိတ်နဲ့ ကန်စွန်းမဂိတ်တို့မှာ အထိုင်ချထားတာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ပထမပတ်တုန်းကလည်း ဆောမြို့ပေါ်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတို့ ထိတွေ့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ(ဆောမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပုံ)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.