ဘီးလင်း၊ စက်တင်ဘာ(၇)

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဒေါက်ရပ်ကျေးရွာမှာ ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်စီတပ် တိုက်မိုင်းထိတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ တော်လှန်ရေးအင်အားစု ပူးပေါင်းတပ်ဖွဲ့ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၅ ရက်နေ့ နေလည် ၁၂ နာရီအချိန်လောက်မှာ စစ်ကောင်စီယာဉ်တန်းအတွက် ကင်းပုန်းလာဝပ်တဲ့ တပ်အင်အား ၄၀ နီးပါးပါ စစ်ကောင်စီတပ်ဟာ ဒေါက်ရပ်ကျေးရွာအနီးမှာ တိုက်မိုင်းထိခဲ့တာပါ။

ကင်းပုန်းလာဝပ်တဲ့ စစ်ကောင်တပ်ဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ် ထောင်ထားတဲ့ တိုက်မိုင်းထိပြီးနောက် လက်နက်ကြီး၊လက်နက်ငယ်တွေ ရမ်းသမ်းပစ်ခတ်ပြီး တပ်ပြန်ဆုတ်ခွာခဲ့တာပါ။

တိုက်မိုင်းကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်းစိုးရိမ်ရ ဒဏ်ရာတွေရရှိခဲ့တဲ့အတွက် ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ် တိုက်မိုင်းထိပြီးနောက် ဘီးလင်းမြို့နယ် ဇီးဝန်းအခြေစိုက် အမြောက်တပ်နဲ့ စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကနေ ညနေပိုင်းထိ ဒေါက်ရပ်၊ ခဲမောက်ကျေးရွာဘက်ကို လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်ခဲ့တာပါ။

ဒေါက်ရပ်ကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်မှာ စစ်ကောင်စီယာဉ်တန်းတွေ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် စစ်ကားယာဉ်တန်းဖြတ်သန်းမယ့်အချိန်တွေမှာ စစ်ကောင်စီတပ်က ကားလမ်းဘေးတလျှောက် ကင်းပုန်းဝပ် လုံခြုံရေးယူတာတွေ ရှိနေတာပါ။

ပြီးခဲ့တဲ့ စက်တင်ဘာ ၄ ရက်နေ့ကလည်း ဘီးလင်းမြို့နယ် အလူးလေးကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၃ ဦး ကျဆုံးခဲ့ကာ စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိနေတယ်လို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.