မြိုင် – စက်တင်ဘာ(၂)

မကွေးတိုင်း၊မြိုင်မြို့နယ်မှာ စစ်ကောင်စီ စစ်ကြောင်းနဲ့ ဂိတ်စခန်းတွေကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တယ်လို့ မြိုင်မြို့နယ် (ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပခုက္ကူကနေ မြိုင်ဘက်ကိုထွက်လာတဲ့ စစ်ကြောင်းနဲ့ မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီဂိတ် စခန်း(၃)ခုကို တိုက်ခိုက်ခဲ့တာပါ။

“စစ်ကြောင်းကို အီနာဂါ ရှစ်ဆယ်လောက်သုံးပြီးတိုက်ခိုက်ခဲ့တယ်။ အထိအခိုက်များနိုင်တယ်။ အတိအကျမသိရသေးဘူး။ ဂိတ်စခန်းတွေကိုတော့ မိနစ်သုံးဆယ်လောက်ဝင်တိုက်တယ်။ ဟိုဘက်ကပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘူး။” လို့ မြိုင်(ပ.က.ဖ) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ပခုက္ကူ မန်ကျည်းတန်းကျေးရွာက ပြည်သူတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ သလို လက်နက်ကြီးနဲ့ ရမ်းပစ်ခဲ့တဲ့အတွက် အရပ်သား(၂) ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။

ဒါ့အပြင် မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ဂိတ်တွေကို ဆက်တိုက်နီးပါး တိုက်ခိုက်နေသလို စစ်ရေးအရှိန်မြှင့်ပြီး မြို့သိမ်းတိုက်ပွဲ ဖော်ဆောင်တော့မှာဖြစ်တဲ့အတွက် ပြည်သူတွေ သတိနဲ့ နေကြဖို့လည်း မြိုင်(ပ.က.ဖ) ကသတိပေးထားပါတယ်။

မြိုင်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စွဲထားတဲ့ ကိုးဆောင်ကျောင်းဂိတ်၊ဘူတာရုံဂိတ်၊ ထွေအုပ်ရုံးနဲ့ ရဲစခန်းတွေကိုလည်း မိနစ်(၃၀) ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် အမှတ်(၃) အုပ်ချုပ်ရေးမှူး တင်မောင်သန်းဆိုသူရဲ့ နေအိမ်ကိုလည်း လူမတွေ့တာကြောင့် ဝင်ရောက် ဖျက်ဆီးခဲ့တယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုတွေကို မြိုင်-ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)ရင်း-၂၊ခွဲ-၁/ခွဲ၃၊ မြိုင်-ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ) ရင်း-၁ ခွဲ-၃/ခွဲ၄၊ Earthquake people`s defence force နဲ့ Salingyi Special Task Force(SSTF)OEပြောက်ကျားတပ်တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.