“နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲခုံကနေ ရှင်းလင်းရမယ်ဆိုတဲ့ ခံယူချက်ကို ကျွန်တော်တို့ အပြည့်အဝယုံကြည် တယ်။ သို့ပါသော်လည်း ကတိမတည်၊ သစ္စာမရှိ လက်နက်အားကိုးနေတဲ့ စစ်ကောင်စီတွေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆိုတာဘယ်လိုမှ ဖြစ်နိုင်ဖို့အကြောင်းမရှိဘူးလို့ မြင်တဲ့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင် သွားမယ်”

ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိဖို့အတွက် မွန်လူငယ်တစ်စုကနေ စတင်ခဲ့တဲ့ မွန်တွေရဲ့ လက်နက်ကိုင် ခေတ်သစ်တော်လှန်ရေးဟာ နှစ်ပေါင်း ၇၀ ကျော်လာခဲ့ပြီး ဖြစ်ပါတယ်။

ဒီနှစ်မှာ ကျရောက်မယ့် ၇၉ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို “တော်လှန်အင်အားကြီးမှ လူမျိုးအခွင့်အရေး ပေါ်ပေါက်မယ်”ဆိုတဲ့ ဆောင်ပုဒ်နဲ့ မွန်ပြည်နယ်၊ မုဒုံမြို့နယ် ဝင်းစိန်တောရရှိ မွန်အာဇာနည်ကုန်းမှာ ကျင်းပခဲ့ တာ  ဖြစ်ပါတယ်။

ဒါကြောင့် ၇၆ နှစ်တိုင် တော်လှန်ခဲ့တဲ့ မွန်တော်လှန်ရေး ရည်မှန်းချက် ဘယ်လောက်အထိ ပြည့်ဝခဲ့ပြီလဲ။ စစ် ကောင်စီလက်ထက်မှာ ကိုယ်ကြမ္မာကိုယ်ဖန်တီးခွင့် အခြေအနေတွေနဲ့ ပတ်သက်ပြီး မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောရေးဆိုခွင့်ရှိသူ နိုင်နဂါးနဲ့ ဆက်သွယ်မေးမြန်းချက်။

၁။ ၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးခရီးမှာ မွန်လူမျိုးတွေရဲ့ အဓိကပန်းတိုင်ဖြစ်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်က ဘယ်လောက်အထိ ရည်မှန်းချက်ပြည့်ဝခဲ့ပြီလဲ၊ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။

ဒီနေရာမှာ ပြောချင်တာက ၇၆နှစ်မြောက်တာခရီးဆိုတာက နံပါတ်ပဲရှိတယ်ဗျ။ တကယ်တော်လှန်ရေးရှိခဲ့သ လားဆိုတာက ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။ နောက်ပြီးတော့ ၇၆နှစ်တာကာလဆိုတာက ကျွန်တော်တို့ လက်နက်ကိုင် ခေတ်သစ်တော်လှန်ရေးကိုစခဲ့တဲ့အချိန်ကို ပြန်ပြီးတော့ တွက်ထားတာဖြစ်တယ်။ ကျွန်တော်ဆို လိုတာ လွန်ခဲ့တဲ့ ၇၆နှစ်က လက်နက်ကိုင်တော်လှန်ရေးကို စခဲ့တယ်။ ဒါပေမယ့် လမ်းထက်ဝက်မှာ မွန်ပြည် သူတပ်ဦးက လက်နက်ချအလင်းဝင်သွားခဲ့တယ်။ နိုင်ရွှေကျင်က မွန်ပြည်သစ်ပါတီကို တည်ထောင်ပြီးတော့ လက်နက်ကိုင်တော်လှန်ရေးကို ဆက်လုပ်တယ်။ ဒါပေမယ့် အားလုံးသိကြတဲ့အတိုင်းပဲ မွန်ပြည်သစ်ပါတီဥက္ကဌ ကြီး နိုင်ဟံသာရဲ့ သဝဏ်လွှာမှာလည်း ရှင်းပြထားတာရှိတယ်။

၁၉၇၀နှစ်ပိုင်းလောက်ကမှ ကျွန်တော်တို့လက်နက်ကိုင်တော်လှန်ရေးကို ပြန်ပြီးတော့ စတင်နိုင်ခဲ့တဲ့ အခြေအနေရှိတယ်။ ၁၉၉၅မှာ ကျွန်တော်တို့ မွန်ပြည်သစ်ပါတီက အပစ်ခတ်ရပ်စဲရေးကို လုပ်လာတဲ့အခါ ကျတော့ ၁၉၉၅နောက်ပိုင်းကို လက်နက်ကိုင်တော်လှန်ရေးအဖြစ် သတ်မှတ်လို့ ရမရပေါ့၊ ဒါတွေကလည်း ကျွန်တော်တို့ စဉ်းစားစရာတွေ ရှိတာပေါ့။ ကိုယ့်ကြံမ္မာဖန်တီးပိုင်ခွင့်က ဘယ်လောက်အထိ ရည်မှန်းချက်ပြည့်ဝခဲ့ပြီလဲ ဆိုတဲ့ အပေါ် ကျွန်တော်မြင်တာကတော့ စာပေယဉ်ကျေးမှုအခွင့်အလမ်း အနည်းငယ်ကလွဲလို့ရှိရင် ဒါတောင်ကိုယ်ထူ ကိုယ်ထ ကိုယ့်လူမျိုးတွေထလုပ်တဲ့ စာပေယဉ်ကျေးမှုကိစ္စရပ်တွေကလွဲလို့ ကျန်တဲ့အခွင့်အရေးဘာမှ မရှိသေး ပါဘူး။

၂။ စစ်ကောင်စီလက်ထက်မှာ မွန်လူမျိုးတွေအနေနဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရှိတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် ရနိုင်လား၊ ဘယ်လိုမြင်ပါသလဲ။

သာမန်လူ့အခွင့်အရေးတောင် မပေးနိုင်တဲ့ စစ်ကောင်စီတွေရဲ့ အုပ်ချုပ်မှုအောက်မှာ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီး ပိုင်ခွင့်ရှိတဲ့ ဒီအခွင့်အရေးဆိုတာရဖို့ဆိုတာ ကျွန်တော်တို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးလို့ ကျွန်တော်မြင်တယ်။ အခုကျွန်တော်ဆွေးနွေးသွားတာက မွန်ပြည်သူလူထုတစ်ရပ်လုံး အနေနဲ့ မြင်တာ ကို ကျွန်တော်ပြောတာပါ။ သို့ပါသော်လည်း မွန်ပြည်သစ်ပါတီထိန်းချုပ်တဲ့ ရေးချောင်းဖျားနဲ့ ကြာအင်းဆိပ်ကြီးလို့ ဒေသတွေမှာကျတော့ မွန်ပြည်သစ်ပါတီရဲ့ အခြေခံဥပဒေနဲ့ အုပ်ချုပ်ရေးဥပဒေနဲ့ တရားစီရင်ရေး ဥပဒေနဲ့တော့ သူတို့တတ်နိုင်သလောက်တော့ တည်ဆောက်ထားတာ တွေရှိတယ်။ ဒါပေမယ့် ဒါကတော့ မွန်ပြည် သူတစ်ရပ်လုံးကို အကျုံးမဝင်ဘူးပေါ့။ အဲဒီလိုတော့ ကျွန်တော်ပြောချင်ပါတယ်ခင်ဗျ။

 ၃။ လက်နက်ကိုင်တိုက်ပွဲဝင်နေတဲ့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) အနေနဲ့ မိမိတို့ လူမျိုးရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ရရှိရေးအတွက် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ဘာတွေ ဆက်လုပ်သွားဖို့ ရှိလဲ။

မွန်ပြည်တော်လှန်ရေးတပ် (MSRF)က မွန်ပြည်သူနဲ့ မွန်လူမျိုးထုတွေကြားကနေပြီးတော့ ပေါက်ဖွားလာတဲ့ တပ်မတော်တစ်ရပ်ဖြစ်တယ်။ ကျွန်တော်တို့ မွန်ပြည်သူတွေအားလုံးရဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်ဖြစ်တဲ့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးပိုင်ခွင့်ရှိတဲ့ မွန်ပြည်အနာဂတ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြားသော စစ်ကောင်စီကိုတိုက်ခိုက်တွန်းလှန်နေတဲ့ တော်လှန်ရေးအင်အားစုများနဲ့ ပေါင်းစည်းပြီးတော့ ဆက်လက်ပြီးတော့ ကျွန်တော်တို့ တိုက်ပွဲဝင်သွားပါမယ်လို့ ကျွန်တော်ပြောချင်ပါတယ်။

၄။ နောက်ဆုံးအနေနဲ့ မွန်တော်လှန်ရေးနေ့အပေါ် ဘာများဖြည့်စွက်ပြောကြားလိုတာ ရှိမလဲ။

နိုင်ငံရေးပြဿနာကို နိုင်ငံရေးစားပွဲခုံကနေ ရှင်းလင်းရမယ်ဆိုတဲ့ ခံယူချက်ကို ကျွန်တော်တို့ အပြည့်အဝယုံ ကြည်တယ်။ သို့ပါသော်လည်း ကတိမတည်၊ သစ္စာမရှိ လက်နက်အားကိုးနေတဲ့ စစ်ကောင်စီတွေနဲ့ နိုင်ငံရေးဆွေးနွေးဖို့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဆိုတာဘယ်လိုမှ ဖြစ်နိုင်ဖို့အကြောင်းမရှိဘူးလို့ ကျွန်တော်မြင်တဲ့အတွက် ဆက်လက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ကျွန်တော်ပြောလိုပါတယ်ခင်ဗျ။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.