ရန်ကုန် ၊ စက်တင်ဘာ (၁)

၇၆ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ကို စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအင်အားစုဖြစ်တဲ့ မွန်ပြည်ဖက်ဒရယ်ကောင်စီက ဩဂုတ် ၃၁ ရက်နေ့မှာ အွန်လိုင်းကနေ ကျင်းပပြုလုပ်ခဲ့ပါတယ်။

အခမ်းအနားမှာ ခေတ်သစ်မွန်လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြတဲ့ အာဇာနည်ခေါင်းဆောင်တွေနဲ့ နွေဦးတော်လှန်ရေးမှာ စစ်အာဏာရှင်စနစ်ကို တွန်းလှန်ရင်း ကျဆုံးခဲ့ရသူတွေနဲ့ ပြည်သူတွေကို အလေးပြုရင်း တစ်မိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

အဲဒီနောက် မွန်တော်လှန်ရေးလက်နက်ကိုင်တပ်ဖွဲ့တွေ၊ မွန်ပြည်ဖက်ဒရယ်ကောင်စီဝင်တွေ၊အမျိုးသားအတိုင်ပင်ခံကောင်စီ (NUCC) က ကိုယ်စားလှယ်တွေ၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဝန်ကြီးတချို့နဲ့ အခြားသော တော်လှန်ရေးအင်အားစုတွေက မွန်တော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့ သဝဏ်လွှာတွေလည်း ဖတ်ကြားခဲ့ကြတာပါ။

မွန်ပြည်ဖက်ဒရယ်ကောင်စီဝင် တာဝန်ရှိသူတချို့ကတော့ မွန်တော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံသမိုင်းအကျဉ်းကို မွန်ဘာသာနဲ့ ဖတ်ပြခဲ့ကြသလို ရှေ့ဆက်ပြီး အနာဂတ်မှာ ပေါ်ထွန်းမယ့် ဖက်ဒရယ်ပြည်ထောင်စုအတွက် မွန်ပြည်ဟာ ယူနစ်တစ်ခုအဖြစ် တည်ရှိဖို့ လုပ်ဆောင်ချက်တွေကိုလည်း ရှင်းလင်းတင်ပြခဲ့ကြပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရပြီးနောက်ပိုင်း ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်အပြည့်ရှိတဲ့ တန်းတူညီမျှရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ၁၉၄၈ ခုနှစ်မှာ မွန်လူငယ်တစ်စုကနေ ခေတ်သစ်လက်နက်ကိုင်တော်လှန်ရေးကို အစပျိုးခဲ့တာ ဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – MSFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.