နေပြည်တော်၊ စက်တင်ဘာ(၁)

ဆင်းရဲမွဲတေမှုလျော့ချပြီး လူမှုစီးပွားဘဝတွေ ဖွံဖြိုးတိုးတက်ရေးအတွက် ပြည်သူတွေအနေနဲ့ စာတတ်မြောက်ဖို့လိုတယ်လို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ် ၃၀ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ စစ်ကောင်စီပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးအတွင်း ပြောဆိုခဲ့ပါတယ်။

စစ်ခေါင်းဆောင်က ဆင်းရဲမွဲတေမှု လျော့ချရေးတွေကို ပြီးခဲ့တဲ့ ဒီမိုကရေစီအစိုးရ ပထမသက်တမ်းမှ စတင်ကာ ဆောင်ရွက်ခဲ့ပြီး ဆင်းရဲမွဲတေမှုလျော့ချဖို့အတွက် အခြေခံအားဖြင့် ပညာရည်မြင့်မားဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ယေဘုယျအားဖြင့် မြို့ပေါ်နေ ပြည်သူအများစုဟာ အတန်းပညာတတ်မြောက်မှုမြင့်မားပြီး ကျေး လက်ဒေသနဲ့ အစွန်အဖျားနေရာတွေမှာရှိတဲ့ ပြည်သူတွေဟာ အတန်းပညာတတ်မြောက်မှု နည်းပါးနေသေးတာကြောင့် အဲဒီဒေသက ပြည်သူတွေကို အတန်းပညာတတ်မြောက်မှု မြင့်မားလာစေဖို့ ရည်ရွယ်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

အရင်ကတစ်နိုင်ငံလုံး စာမတတ်မြောက်သူ ပပျောက်ရေးအတွက် “အ”သုံးလုံး သင်တန်းတွေ ဆောင် ရွက်ခဲ့ပြီး အောင်မြင်မှုရရှိခဲ့တာကြောင့် အခုအခါမှာလည်း ကျေးလက်နဲ့ အစွန်အဖျား ဒေသတွေက ပြည်သူတွေကို စာတတ်မြောက်အောင် ဆောင်ရွက်ပေးဖို့လည်း ပြောဆိုခဲ့တာပါ။

သုံးသပ်သူတွေကတော့ နိုင်ငံတွင်းဆင်းရဲမွဲတေမှု မြင့်တက်လာမှုဟာ အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်နေတဲ့ မြန်မာငွေကြေးတန်ဖိုး ကျဆင်းလာတာ၊ အခြေခံစားသောက်ကုန်တွေကအစ ဈေးနှုန်းအဆမတန်ကြီးမြင့်လာတာနဲ့ အလုပ်အကိုင် အခက်အခဲတွေကြောင့် ဖြစ်တယ်လို့ ထောက်ပြပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းတာ၊ မလိုလားအပ်တဲ့ ကန့်သတ်ချက်တွေ ထုတ်ပြန်တာအပြင် လက်ရှိဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကြောင့်လည်း ဒေသခံပြည်သူတွေအနေနဲ့ လုပ်ကိုင်စားသောက်လို့မရဘဲ စစ်ဘေးရှောင်နေရတဲ့အတွက် ဆင်းရဲမွဲတေမှုတွေ မြင့်တက်လာတာ ဖြစ်တယ်လို့ ဆိုကြပါတယ်။

ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာအရ စစ်တပ်အာဏာသိမ်းတဲ့ ၂၀၂၂ ခုနှစ်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆင်းရဲမွဲတေမှု မျဉ်းအောက်နေထိုင်ရတဲ့ လူဦးရေ ၄၀ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.