“တီမောရဲ့ သံတမန်ဆိုင်ရာအခွင့်အရေးက ကာလတစ်ခုအထိတော့၊ စစ်ကောင်စီမဖျက်သိမ်းမီကာလတစ်ခုအထိ တော့ အာဆီယံအဖွဲ့ဝင်ရေးကို ဆိုင်းငံ့ထားရတဲ့ အခြေအနေတော့ ရင်ဆိုင်ရနိုင်တယ်”
စစ်ကောင်စီဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ ထိတွေ့ဆက်ဆံမှုတွေ ပြုလုပ်ခဲ့တဲ့ တီမောလက်စ်တေနိုင်ငံကို ပြင်းထန်စွာ ကန့်ကွက်တဲ့အနေနဲ့ ရန်ကုန်မြို့ရှိ အရှေ့တီမောသံရုံးက သံရုံးယာယီတာဝန်ခံကို စက်တင်ဘာ ၁ ရက်နေ့ မတိုင်မီ ထွက်ခွာဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့တာပါ။
တီမောအစိုးရကတော့ စစ်ကောင်စီရဲ့ အခုလုပ်ရပ်အပေါ် ကန့်ကွက်ရှုတ်ချပြီး လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့အပြင် လက်ရှိ အကျပ်အတည်းတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ မြန်မာစစ်တပ်ကို တိုက်တွန်းခဲ့သလို မြန်မာလူထုနဲ့အတူ ဆက်လက်ရပ်တည်သွားမယ်လို့ ဩဂုတ် ၂၆ ရက်နေ့က သဘောထားထုတ်ပြန်ခဲ့တာပါ။
တီမောသံတမန်ကို စစ်ကောင်စီဘက်က နိုင်ငံတွင်းကနေ ဘာကြောင့် နှင်ထုတ်ရတာလဲ။ သံတမန်ရေးရာ အခင်းအကျင်းမှာ စစ်ကောင်စီအတွက် ဘယ်လောက်အထိ အထိနာနေပြီးလဲ။ ဒီအခြေအနေနဲ့ပတ်သက်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်နဲ့ ဆက်သွယ်မေးမြန်းချက်။
၁။ အရင်ဆုံး စစ်ကောင်စီက တီမောသံတမန်တွေကို ဘာကြောင့် နှင်ထုတ်တယ်လို့ မြင်ပါသလဲ။ ဒီအပေါ်မှာ သုံးသပ်ပေးပါဦး။
စစ်ကောင်စီက အရှေ့တီမောသံရုံးကို လုံးဝပိတ်ပင်လိုက်တယ်ဆိုတဲ့ ကိစ္စကသံတမန်ရေးလုပ်ထုံးလုပ်နည်းအရ မလုပ်သင့်တဲ့ကိစ္စပဲ။ သံရုံးပိတ်ပင်လိုက်တယ်ဆိုတာ များသောအားဖြင့် စစ်ဖြစ်နေတဲ့ နိုင်ငံတွေထဲမှာသာ လုပ်လေ့လုပ်ထရှိပါတယ်။ သာမန်အားဖြင့် ပြောမယ်ပြောရင် ဘယ်သံရုံးကိုမှ ပိတ်တယ်ဆိုတာမရှိပါဘူး။ ဆက်ဆံရေးရုံး သဘောထားရှိရတယ်။ ဒါပေမယ့်စစ်ကောင်စီကတော့ တီမောသံရုံးကို ပိတ်ပင်လိုက်တယ်ဆိုတာ တီမောအစိုးရက လက်ရှိအစိုးရရော၊ ဗမာပြည်က စစ်ကောင်စီကို အသိအမှတ်မပြုတာ၊ အသိအမှတ်မပြုပဲနဲ့ NUG နဲ့တရားဝင်အသိအမှတ်ပြုမှု ဆက်ဆံမှုတွေ ရှိလာခဲ့တယ်။
၂။ တီမောသံတမန်ကို နှင်ထုတ်ရတဲ့ စစ်ကောင်စီရဲ့ အခြေအနေက သံတမန်ရေးရာ အခင်းအကျင်းမှာ ဘယ်လောက်အထိ အထိနာနေပြီးလဲ။ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။
တီမောအစိုးရက NUG အစိုးရကို အသိအမှတ်ပြုတယ်။ NUG ကိုလည်း တီမောမှာသံရုံးဖွင့်ခွင့်ပြုတယ်ဆိုတဲ့ ကိစ္စကို စစ်ကောင်စီအနေနဲ့ မခံမရပ်နိုင်ဖြစ်တယ်။ စစ်ကောင်စီနဲ့ တီမောကအသိအမှတ်ပြုလိုက်တဲ့ NUG အစိုးရ ကြားထဲမှာ ပဋိပက္ခတွေစစ်အေးတိုက်ပွဲဖြစ်နေတဲ့အခါမှာ တီမောအစိုးရက အခုချိန်မှာ အာဆီယံ ရဲ့တင်းပြည့် အဖွဲ့ဝင်မဖြစ်သေးပါဘူး။ အဖွဲ့ဝင်ဖြစ်ဖို့အတွက် ထောက်ခံမှုပေးနေတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီလိုအခြေအနေအတွင်းမှာ ဒီလိုတီမောအစိုးရနဲ့ သံတမန်အဆက်အသွယ်ဖြစ်လိုက်ခြင်းအားဖြင့် ဘာပဲဖြစ်ဖြစ် NUGကိုအသိအမှတ်ပြုထားတဲ့အစိုးရတစ်ရပ်ကို စစ်ကောင်စီအစိုးရက အသိအမှတ်မပြုကြောင်း ဖော်ပြ လိုက်တာပါပဲ။ ဒါက သံတမန်လုပ်ငန်းမှာ အတော်ထူးခြားတဲ့ ကိစ္စဖြစ်တဲ့အတွက် မလုပ်သင့်ဘူးလို့ သံတမန်အသိုင်းအဝိုင်းနဲ့ ကမ္ဘာကနေ ဝိုင်းဝန်းကန့်ကွက်နေတယ်။
၃။ နောက်ဆုံးအနေနဲ့ တီမောသံတမန်ကို စစ်ကောင်စီဘက်က နိုင်ငံတွင်းနှင်ထုတ်မှုကြောင့် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ။
အဲဒီလိုဖြစ်တဲ့အတွက်ကြောင့် တီမောကို အာဆီယံဝင်ခွင့်ဟာ နောက်ဆုတ်သွားနိုင်တယ်ဆိုတာ အခြေအနေ တစ်ခုမှာတော့ မှန်ပါတယ်။ ဒါပေမယ့်တကယ်လို့ ဗမာပြည်စစ်ကောင်စီအစိုးရ အဖွဲ့ပျောက်ကွယ်သွားပြီး စစ်ပွဲ အတွင်းမှာ ရှုံးနိမ့်သွားပြီဆိုရင်တော့ တီမောကို NUG အစိုးရက ပြန်လည်အသိအမှတ်ပြုပြီး အာဆီယံအဖွဲ့ထဲ ဝင်ဖို့ မုချမလွဲမသွေထောက်ခံမှာပါ။ အဲဒီအချိန်မရောက်ခင်ကာလလေးတစ်ခုအတွင်းမှာ တီမောရဲ့ သံတမန်ဆိုင်ရာအခွင့်အရေးက ကာလတစ်ခုအထိတော့၊ စစ်ကောင်စီမဖျက်သိမ်းမီကာလတစ်ခုအထိတော့ အာဆီယံ အဖွဲ့ဝင်ရေးကို ဆိုင်းငံ့ထားရတဲ့ အခြေအနေတော့ ရင်ဆိုင်ရနိုင်တယ်လို့ ပြောပါရစေ။