ပေါင် – ဩဂုတ်(၂၉)

မွန်ပြည်နယ်၊ပေါင်မြို့နယ် ရင်းငြိမ်းမြောက်ကျေးရွာ ဘောလုံးကွင်းအနီး ရန်ကုန်-မော်လမြိုင် လမ်းပေါ်မှာ သဗြုချောင်းကျေးရွာအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီး စိုးရိမ်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၂၈) ရက်နေ့ ညနေပိုင်းက သဗြုချောင်းကျေးရွာအုပ်ချုပ်ရေးမှူး နိုင်ငွေထွန်း ဆိုသူဟာ နေအိမ်ကနေ ရင်းငြိမ်းမြောက်ကျေးရွာဘက်ကို ဆိုင်ကယ်နဲ့သွားနေချိန်မှာ အနီးကပ် ပစ်ခတ်ခံခဲ့ရတာပါ။

“ဆိုင်ကယ်နဲ့ လိုက်ပစ်တာလို့တော့ သိရတယ်။သူကကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်တာလဲ မကြာသေးဘူး။”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေနတ်သမားတွေရဲ့ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူးမှာ ဝမ်းဗိုက်နဲ့ ပေါက်မှာ ကျည်ဖောက်ဝင် ဒဏ်ရာ ရရှိခဲ့ပြီး စိုးရိမ်ရတဲ့ အခြေအနေနဲ့ရင်ဆိုင်နေရတယ်လို့ သူက ပြောပါသေးတယ်။

စိုးရိမ်ဒဏ်ရာရရှိခဲ့တဲ့ အုပ်ချုပ်ရေးမှူးကို ဒေသလူမှုကူညီရေးအသင်းက ရင်းငြိမ်းတိုက်နယ် ဆေးရုံကို တင်ပို့ထားပြီး အဲဒီကတဆင့် ပေါင်မြို့နယ် ဆေးရုံကို ပြောင်းရွှေ့ထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ မေလ(၂၆) ရက်နေ့ကလည်း ပေါင်မြို့နယ်၊ တံခွန်တိုင်ကျေးရွာနေ အင်းဗြောင် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစိုးမိဆိုသူရဲ့ နေအိမ်ကို သေနတ်သမားတွေဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အတွက် ကျည်ထိမှန်သေဆုံးထားပါသေးတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လက်နက်ကိုင် ခုခံတော်လှန်စစ်အားကောင်းတဲ့ မွန်ပြည်နယ် ရဲ့ မြို့နယ်တချို့က ရဲစခန်း၊ထွေအုပ်ရုံးနဲ့ ရပ်ကျေးရုံးတွေအပါအဝင် စစ်ကောင်စီတပ်စွဲထားတဲ့ နေရာတွေကို တော်လှန်ရေးအင်အားစုတွေက မကြာခဏ တိုက်ခိုက်တာတွေလုပ်ဆောင်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.