ညောင်လေးပင်၊ သြဂုတ်(၂၉)

ကရင်အမျိုးသားအစည်းအရုံး KNU ညောင်လေးပင်ခရိုင်ထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် အရပ်သားပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ နေ့လည် ၁၁ နာရီအချိန်ခန့်က မုန်းမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေ မြန်တပ်ရင်း ခမရ(၄၃၉)တပ်ရင်းကနေ လက်နက်ကြီး ၆ လုံး ပစ်ခတ်ခဲ့တဲ့အတွက် ငါးမြစ်ချင်းကျေးရွာရှိ ဒေသခံနေအိမ် ထိမှန်ပျက်စီးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီနေ့ မနက် ၉ နာရီအချိန်ခန့်ကလည်း KNU ရွှေကျင်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ် ခြေလျင် တပ်ရင်း ခလရ(၂၆၄)က ပိန်းဇလုပ်မှာ အခြေချပြီး ချုံအင်းကျေးရွာထဲကို လက်နက်ကြီးပစ်ခတ်ခဲ့ရာ နေအိမ်တစ်လုံး ထိခိုက်ပျက်စီးခဲ့ရပြီး ဝမ်းချိုင်းကျေးရွာထဲ ကျရောက်ပေါက်ကွဲမှုမှာတော့ ထိခိုက်ပျက် စီးမှုရှိမရှိကိုမူ စုံစမ်းဆဲဖြစ်တယ်လို့ KNU ဆိုပါတယ်။

ဒါ့အပြင် ဩဂုတ် ၂၆ ရက်နေ့ နေ့လည် ၁ နာရီအချိန်လောက်မှာ KNU ကျောက်ကြီးမြို့နယ် အုပ်ချုပ်နယ်မြေ၊ ကြိုးကြီးကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၅ လုံး၊ ထင်းတဲ ၁ လုံး၊ ကောက်ရိုးပုံ ၁ ပုံ ပျက်စီးခဲ့ကာ နွားတစ်ကောင်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

KNU ညောင်လေးပင်ခရိုင် တပ်မဟာ(၃)နယ်မြေထဲမှာ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထားပြီး ကျေးရွာတွေထဲကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးဒဏ်ရာရတာတွေရှိနေပြီး ဒေသခံပြည်သူလူထု သောင်းချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.