ကျောက်ကြီး၊ သြဂုတ်(၂၆)

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ် သဲသောမူ သဲသောခွားကျေးရွာထဲကို စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဂျက်တိုက်လေယာဉ်ဟာ သြဂုတ် ၂၄ ရက်နေ့ နေ့လည် ၁ နာရီခွဲအချိန်ကနေ ၂ နာရီခွဲအချိန်အထိ သဲသောမူသဲသောခွားကျေးရွာကို ဗုံး ၆ လုံး လာရောက်ကြဲချသွားတာ ဖြစ်ပါတယ်။

ဗုံးကြဲခံရတာကြောင့် အသက် ၂၈ နှစ်အရွယ် အရပ်သားစောဘဘယ်စယ်ဖိုး ဗုံးစထိမှန်သေဆုံးခဲ့ရပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော်မေတ္တာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ (ကျောက်ကြီးမြို့နယ်)ရဲ့ ထုတ်ပြန်ထားချက်အရ ကျောက်ကြီးမြို့နယ်ထဲမှာ အခုနှစ်မေလကနေ ဩဂုတ် ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ ဒရုန်း၊ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၁၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါ့အပြင် KNU ညောင်လေးပင်ခရိုင်ထဲမှာ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်တိုက်ခိုက်သတ်ဖြတ်တာတွေကြောင့် ဒေသခံပြည်သူ ၈၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သြဂုတ်တတိယအပတ်အတွင်း ထုတ်ပြန်ထားပါတယ်။

စစ်ရေးပဋိပက္ခ ပြင်းထန်နေတဲ့ ညောင်လေးပင်ခရိုင်ထဲ ပြီးခဲ့တဲ့ ၃ ပတ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေရဲ့ နေအိမ်အလုံးပေါင်း ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.