ရန်ကုန်၊ သြဂုတ်(၂၆)

စစ်ကောင်စီထုတ်ဝေတဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူတွေကို ပုဂ္ဂလိကဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှုလုပ်ငန်းတွေမှာ အသုံးပြုပါက အရေးယူဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ဩဂုတ် ၂၄ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။

ကျပ်နှစ်သောင်းတန် ငွေစက္ကူတွေကို လက်ဝယ်ထားရှိတာ၊ အရောင်းအဝယ်ပြုလုပ်တာနဲ့ တနည်းနည်း လွှဲပြောင်းတာတွေဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ အခန်း ၁၂ အရ ပြစ်မှုကျူးလွန်ရာ ရောက်တယ်လို့ NUG ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါကြောင့် စစ်ကောင်စီ ထုတ်ဝေတဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူတွေဟာ အကြမ်းဖက်ဥပဒေအရ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုဆိုင်ရာ ပြစ်မှုတွေအတွက် တားဆီး နှိမ်နင်းဖို့ ရည်ရွယ်ပြီး NUG အစိုးရရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဗဟိုအဖွဲ့က တားမြစ်အမိန့်ထုတ်ပြန်ရတာလို့ ဆိုထားပါတယ်။

ထုတ်ပြန်ထားတဲ့တားမြစ်အမိန့်ကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့အညီ တားဆီးနှိမ်နင်းအပြစ်ပေး အရေးယူသွားမယ်လို့ NUG က ကြေညာထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) သမ္မတရုံး ပြောခွင့်ရ ဦးကျော်ဇောကတော့ စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမှုဟာ ပြည်သူတွေကို ဒုက္ခတွင်းထဲရောက်အောင် ရည်ရွယ်ပြီး လုပ် ဆောင်နေတာကြောင့် မသုံးစွဲဖို့တားမြစ်ရတာလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အကြမ်းဖက် စစ်ကောင်စီက ဒီနှစ်သောင်းတန်ကို ထုတ်ခွင့်လည်းမရှိဘူး၊ အခွင့်အာဏာလည်း မရှိဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့က အကြမ်းဖက်သမားတွေ။ ဒီပိုက်ဆံနှစ်သောင်းတန်ကို ထုတ်ပြီးတော့ အကြမ်းဖက်မှုတွေကိုဆက်ပြီး ကျူလွန်ဖို့အတွက် ကြိုးစားတဲ့လုပ်ရပ်တစ်ခုဖြစ်တယ်။ အဲဒီလိုလုပ်ချင်းအားဖြင့်လည်း မြန်မာနိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေများပြီးတော့ ဒုက္ခရောက်နေတဲ့ ပြည် သူလူထုတွေကို ဒုက္ခတွင်းထဲ ပိုရောက်အောင်လို့ တွန်းချပေးဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာလည်း ဖြစ်ပါတယ်။ ဒီအတွက်ကြောင့် ကျွန်တော်တို့ အစိုးရက ဒီတရားမဝင်တဲ့နှစ်သောင်းတန်ထုတ်တဲ့ဟာ သူတို့ရဲ့ အကြမ်းဖက်မှုလုပ်ရပ်တွေကို အထောက်အကူပြုပြီး ထုတ်တာဖြစ်တဲ့အတွက် ပြည်သူတွေရဲ့ ဒုက္ခတွင်းကို ပိုပြီးတော့နက်နဲအောင် ဒီစစ်ကောင်စီကလုပ်တာဖြစ်တဲ့ အတွက်ကြောင့် ဒီနှစ်သောင်းတန်ကို သုံးစွဲခြင်းမပြုဖို့အတွက် ပြောတာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

တားမြစ်အမိန့် ထုတ်ပြန်ထားတဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူတွေကို ငွေကြေးလည်ပတ်မှုအတွက် အသိအမှတ်ပြု လက်ခံသုံးစွဲနေတဲ့ ဘဏ်တွေနဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကိုလည်း အထောက်အထားနဲ့တကွ ပြည်သူတွေအနေနဲ့ အသိပေးတိုင်းကြားကြဖို့ NUG က နှိုးဆော်ထားပါတယ်။

စစ်ကောင်စီဟာ ကျပ်နှစ်သောင်းတန် ငွေစက္ကူအသစ်ကို စစ်ခေါင်ဆောင် ဦးစီးတည်ထားတဲ့ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော် ပြီးစီးမှုအထိမ်အမှတ်နဲ့ ဆင်ဖြူတော် ရဋ္ဌနန္ဒက တစ်နှစ်ပြည့်မွေးနေ့ အထိမ်းအမှတ်အဖြစ် ထုတ်ဝေရတာလို့ ပြီးခဲတဲ့ ဇူလိုင် ၂၃ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူထုတ်ဝေမှုကြောင့် ငွေကြေးဖောင်းပွမှုနဲ့ အလုပ်လက်မဲ့နှုန်း မြင့်တက်လာနိုင်ပြီး ကုန်ဈေးနှုန်း အဆမတန်ကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက သတိပေးထားပါတယ်။

လက်ရှိမှာလည်း ကျပ်နှစ်သောင်းတန် ငွေစက္ကူဂယက်ကြောင့် မြန်မာငွေတန်ဖိုးကျဆင်းပြီး ဈေးကွက်အတွင်း ရွှေ၊ဒေါ်လာ၊ဘတ်နဲ့ အခြေခံစားသောက်ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့ဒဏ်ကို ပြည်သူတွေ အလူးအလဲခံစားနေရတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ စစ်ကောင်စီထုတ်ဝေတဲ့ ကျပ်နှစ်သောင်းတန် ငွေစက္ကူဟာ တရားမဝင်ငွေစက္ကူဖြစ်တယ်လို့ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ ကြေညာထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.