ကော့သောင်း၊ သြဂုတ်(၂၆)

တနင်္သာရီတိုင်း၊ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာ ထိုင်း-မြန်မာနယ်စပ်အနီး ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော့သောင်းမြို့နယ် ပကဖအဖွဲ့က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၂၄ ရက်နေ့ မနက် ၈ နာရီအချိန်ခန့်က တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ခမောက်ကြီးဘက်ကနေ မလိဝမ်းကျေးရွာထဲ ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က မိုင်းဆွဲပြီးနောက် လက်နက်ကြီး၊လက်နက်ငယ်တွေနဲ့ ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီးနောက် အထိနာသွားတဲ့ စစ်ကောင်စီတပ်က ပြန်လည်ဆုတ်ခွာသွားတယ်လို့ တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

တိုက်ပွဲအတွင်း အထိနာခဲ့တဲ့ စစ်ကောင်စီတပ်ဟာ ထိခိုက်သေဆုံးသွားတဲ့ တပ်ဖွဲ့ဝင်တွေကို ပြန်လည်သယ်ဆောင်သွားပြီး ခမောက်ကြီးကျေးရွာဘက်ကို တပ်ပြန်ဆုတ်သွားတာ ဖြစ်ပါတယ်။

စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာတာကြောင့် ပြီးခဲ့တဲ့ သြဂုတ် ၂၃ ရက်နေ့ကတည်းက ချောင်းဝကျေးရွာနေ ဒေသခံ ၁၀၀ ကျော်ဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ကော့သောင်းမြို့နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်း စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးအင်အားစုတို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တာ မရှိပေမယ့် အခုအခါမှာတော့ တစ်ကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-ကော့သောင်းPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.