ရေး၊ သြဂုတ်(၂၅)
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လိမ္မော်ခြံကျေးရွာ၊ သံဖြူဇရပ်-ရေးလမ်းပိုင်းမှာ သြဂုတ် ၂၄ ရက်နေ့ မ နက် ၆ နာရီအချိန်ခန့်က ခရီးသည်ကားတစ်စီး ပစ်ခတ်ခံရတာကြောင့် ခရီးသည် ၂ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ခရီးသည် ၃၃ ဦးလိုက်ပါလာတဲ့ ရန်ကုန်ကနေ မြိတ်မြို့သို့သွားမယ့် ရွှေပုလဲသီ ခရီးသည်တင်ယာဉ်ဟာ လိမ္မော်ခြံကျေးရွာအနီးမှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံရတာကြောင့် ကားမှန်တံခါး ကျည်ထိမှန်ပြီး မှန်စကွဲထွက်သွားတဲ့အတွက် ကားပေါ်ပါလာတဲ့ အသက် ၂၆ အရွယ် မဝါဝါဝင်း နဲ့ အသက် ၃၄ အရွယ် ကိုတင်ထွေးတို့ ၂ ဦး နှုတ်ခမ်းနဲ့လက်တွေမှာ မှန်စစင်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
မှန်စထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ခရီးသည် ၂ ဦးဟာ မစိုးရိမ်ရတာကြောင့် အရေးပေါ်ကုသမှုတွေ ပြုလုပ်ပြီးနောက် မြိတ်မြို့သို့ ဆက်လက်ထွက်ခွားသွားတယ်လို့ သိရပါတယ်။
ခရီးသည်ကား ပစ်ခတ်ခံရတဲ့ လိမ္မော်ခြံကျေးရွာအနီး ပတ်ဝန်းကျင်ဟာ စစ်ကောင်စီတပ်အပြင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၈ ရက်နေ့ကလည်း ရေးမြို့နယ်၊ ကလော့ကြီးကျေးရွာလမ်းဝ၊ ရေး-သံဖြူဇရပ်လမ်းပိုင်းမှာ စစ်ကားကို လက်နက်ကိုင်အဖွဲ့တစ်ခုကပစ်ခတ်ချိန် ခရီးသွားအိမ်စီးကားတစ်စီးထိမှန်ပြီး ၃ ဦးဒဏ်ရာရခဲ့သေးတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SBM