ရန်ကုန် – ဩဂုတ်(၂၅)

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်၊(၁၆)ရပ်ကွက် သဲအင်းဂူဘုရားလမ်းမှာ ဒီနေ့ ဩဂုတ်လ(၂၅) ရက်နေ့ မနက်ပိုင်းက တည်ဆောက်ဆဲ နဂါးရုံဘုရားပြိုကျမှုဖြစ်ပွားခဲ့ပြီး လူထိခိုက်မှုရှိတယ်လို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရပါတယ်။

ဖြစ်စဉ်မှာ ဒီနေ့ မနက်(၁၀)နာရီကျော်မှာ တိုးကြောင်ကလေးဘူတာအနီး၊ကျောင်းတိုက်ဝန်း အတွင်း တည်ဆဲနဂါးရုံဘုရားပြိုကျမှုဖြစ်ပွားပြီး အလုပ်သမားတွေပိတ်မိနေတဲ့အတွက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က သွားရောက်ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်ခဲ့ရတာပါ။

“တည်ဆောက်နေတဲ့ နဂါးကြီးတစ်ခုလုံး ပြိုကျသွားတာ။ အခုထိတော့ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေတုန်းဘဲ။ အထဲမှာပိတ်မိနေတဲ့သူတွေရှိနေသေးတယ်။ တစ်ဦးကတော့ခေါင်းထိသွားလို့ ဆေးရုံပို့ထားပါတယ်” လို့ မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ကယ်ဆယ်ရေးယာဉ်(၁)စီး၊ အုပ်ချုပ်မှု ယာဉ်(၁)စီး၊Repeater ယာဉ်(၁)စီးနဲ့ ကူညီကယ်ဆယ်ရေးတွေလုပ်ဆောင်နေပြီး သက်ဆိုင်ရာ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့အတူ လူမှုကူညီရေးအသင်းတွေက ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိအချိန်ထိ နဂါးရုံဘုရားပြိုကျမှုမှာ ဘယ်နဦးထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတာကိုတော့ သံလွင်တိုင်းမ် အနေနဲ့ အသေးစိတ်မသိရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MFSD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.