ကျိုက်ထို၊ သြဂုတ်(၂၅)

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားနေတဲ့ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF က ဗိုလ်ဝင်းစိုးကို သြဂုတ် ၂၄ ရက်နေ့ မနက် ၇ နာရီခွဲအချိန်လောက်မှာ ပစ်ခတ်ရှင်လင်းလိုက်တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF က သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကျိုက်ထိုမြို့ကနေ ဈေးဝယ်ပြီးပြန်လာတဲ့ BGF ဗိုလ်ဝင်းစိုးရဲ့ မတ်တူးအဖြူရောင်ကားကို ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နဲ့ ဝေါ ပကဖပူးပေါင်းတပ်ဖွဲ့က ကော့ထင်းနဲ့ဘိုရားကြီးကျေးရွာကြား တာဘောင်တံတားအနီး ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်ခံရတာကြောင့် BGF ဗိုလ်ဝင်းစိုးနဲ့ ဇနီးဖြစ်သူတို့ ၂ ဦးဟာ အခင်းဖြစ်ရာနေရာပဲ သေဆုံးခဲ့ပြီး ကားကတော့ ထိခိုက်ပျက်စီးသွားတာ ဖြစ်ပါတယ်။

BGF ဗိုလ်ဝင်းစိုးဟာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီနဲ့ ပူးပေါင်းကို ပြည်သူတွေကို အနိုင်ကျင့် ဗိုလ်ကျနေတဲ့အတွက် အချိန်ယူပြီး သုတ်သင်လိုက်တာလို့ ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF ပြန်ကြာရေးတာဝန်ခံက ပြောပါတယ်။

KRF ထုတ်ပြန်ချက်အရ BGF ဗိုလ်ဝင်းစိုးဟာ ကျိုက်ထိုမြို့နယ်အတွင်းမှာ လောင်းကစားဝိုင်းတွေကို ဦးဆောင်လုပ်တာ၊ စစ်ကောင်စီတပ်နဲ့ရဲထံ သတင်းပေးတာ၊ တရားမဝင် ကားမှောင်ခိုလုပ်ငန်းလုပ်ကိုင်တာ၊ ကျေးရွာတွေရှိ လယ်ယာမြေတွေကို ခြိမ်းခြောက်ဈေးနှိမ်ဝယ်တာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် နိုင်ငံရေးတက်ကြွလှုပ်ရှားတွေကို ဖမ်းဆီးခိုင်းတာ၊ အပြစ်မဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ ခြိမ်းခြောက်တာ၊ ဒေသခံလူငယ်တစ်ဦးကို သေနတ်နဲ့ပစ်သတ်တာ၊ အကြမ်းဖက်ဖမ်းဆီးမှုတွေကိုလည်း ကျူးလွန်ထားသူဖြစ်တယ်လို့ KRF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သေဆုံးသွားတဲ့ BGF ဗိုလ်ဝင်းစိုးနဲ့ ဇနီးဖြစ်သူတို့ကို စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ လာရောက် စစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် အလောင်းကိုတော့ ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ ကျိုက်ပိကျေးရွာဘုန်းကြီးကျောင်းအရှေ့မှာ စစ်ကောင်စီရဲ့ ကျိုက်ထိုမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ဦးရဲနိုင် ပစ်ခတ်ခံရတာကြောင့် သေဆုံးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.