နေပြည်တော်၊ သြဂုတ်(၂၂)

ခွင့်ပြုချက် ဒါမှမဟုတ် လိုင်စင်မရှိဘဲ နိုင်ငံခြားငွေတွေ လက်ဝယ်ကိုင်ဆောင်ထားတာကို စိစစ်တွေ့ရှိပါက နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က သြဂုတ် ၂၀ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီဗဟိုဘဏ်က ပြည်တွင်းနေထိုင်သူတစ်ဦးဟာ တရားဝင်နည်းလမ်းနဲ့ ရရှိထားတဲ့ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ အထိ ဒါမှမဟုတ် အဲဒီငွေနဲ့ညီမျှသော ငွေထက်မပိုတဲ့ နိုင်ငံခြားငွေတွေကို လက် ခံရရှိတဲ့နေ့မှစပြီး ၆ လ အတွင်း ကိုင်ဆောင်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

၆ လကျော်တဲ့အထိ အသုံးမပြုဘဲရှိနေတဲ့ နိုင်ငံခြားငွေတွေကို နိုင်ငံခြားသုံးငွေ လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ရရှိသူတွေထံ ဈေးကွက်ပေါက်ဈေးနဲ့ ရောင်းချလဲလှယ်တာ၊ ဘဏ်စာရင်းထဲ ထည့်သွင်းတာတွေကို ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားတာပါ။

နိုင်ငံခြားငွေ ကိုင်ဆောင်သူတွေအနေနဲ့ ထုတ်ပြန်ချက်အတိုင်း လိုက်နာမှုမရှိဘဲ နိုင်ငံခြားငွေတွေကို ခွင့်ပြုချက်လိုင်စင်မရှိဘဲ လက်ဝယ်ကိုင်ဆောင်ပါက နိုင်ငံခြားငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူသွားမယ်လို့ စစ်ကောင်စီဗဟိုဘဏ်က သတိပေးထားပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကတော့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ဟာ နိုင်ငံခြားငွေ မလုံလောက်မှု ပြဿနာနဲ့ ရင်ဆိုင်နေကြောင်း ပြသနေတာဖြစ်ပြီး ဒေါ်လာဝယ်ယူစုဆောင်းသူတွေ အခက်ကြုံလာနိုင်တယ်လို့ သံလွင်တိုင်မ်းကို ပြောပါတယ်။

“ဒေါ်လာကိုင်ဆောင်ခွင့်ကို ကန့်သတ်တာက ဒေါ်လာရှားပါးသွားတဲ့ ပြဿနာနဲ့လည်းဆိုင်တယ်။ အဓိကတော့ ကောင်းကောင်းမွန်မွန် စီးပွားမရှာတော့ဘူး။ လောလောဆယ် ပို့ကုန်သွင်းကုန်တွေကလည်း ရပ်တန့်နေတဲ့အချိန်မှာ ရှိပြီးသားလူတွေကလည်း ဒါကိုဈေးကွက်တစ်ခုအနေနဲ့ ကစားတာပေါ့။ အခုက တစ်ဒေါ်လာကို (၄၀၀၀) နီးပါးလောက် ဖြစ်လာတဲ့အခါကျတော့ ဒါအစိုးရကလည်း သူ့ရဲ့သူလုပ်နိုင်တဲ့ အပိုင်းကနေ သူ့ဥပဒေ နည်းဥပဒေအပိုင်းကနေ သူကကြပ်မတ်တဲ့သဘောပဲ။ ကျွန်တော်တို့က ဒီလုပ်ငန်းထဲမှာ လည်နေရတဲ့ဟာတွေက ပြဿနာမရှိဘူး၊ ကိုင်ဆောင်မထားဘူး။ ဘဏ်အကောင့်ထဲ ထည့်ထားတာ။ ပို့ကုန်ရငွေထဲဆိုရင်တော့ ပြဿနာမရှိဘူး၊ တချို့ကကျတော့ ဈေးကစားချင်တဲ့သ ဘောနဲ့ ဒေါ်လာတွေအဲဒီလိုရသလောက်လိုက်ဝယ်၊ ဝယ်ပြီးတော့ သူ့ရဲ့အိမ်မှာသိမ်းထားတာမျိုးက တော့ ဒီမှာဒေါ်လာလိုအပ်ချက်၊ ရှားပါးမှုဖြစ်တာပေါ့နော်။ အဲဒါမျိုးကြတော့ အဆင်မပြေဘူးပေါ့။ လောလောဆယ်တော့ ဈေးကျသွားမှာပေါ့။ နည်းနည်းခြောက်လိုက်တာပေါ့၊ အဲဒီလိုတော့ မှန်းရတာပဲ။ ဒါပေမယ့်လည်း ဈေးကွက်လိုအပ်ချက်က အရမ်းကြီးနေတော့ မထင်ပါဘူး”လို့ ဆိုပါတယ်။

လက်ရှိမှာ စစ်ကောင်စီဟာ ဒေါ်လာငွေတွေ ထိန်းချုပ်ဖို့အတွက် နိုင်ငံခြားသုံးငွေ ရောင်းဝယ်မှုလုပ်ငန်းတွေကို နိုင်ငံခြားသုံးငွေ ရောင်းဝယ်ဖောက်ကားတဲ့ လုပ်ငန်းလိုင်စင်ရှိမှသာ လုပ်ဆောင်ဖို့နဲ့ နိုင်ငံခြားငွေ ငွေသားနဲ့ ခရီးသွားချက်လက်မှတ်တွေကိုသာ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၉ အရ ရောင်းဝယ်ခွင့်ရှိမယ်လို့ ကြေညာထားတာပါ။

စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေကတော့ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေဈေးဟာ ဖြစ်သင့်တဲ့ ဈေးနှုန်းမဟုတ်ဘဲ ငွေကစားသူတွေရဲ့ လုပ်ကြံဖန်တီးမှုကြောင့်ဖြစ်ပြီး ထိရောက်စွာ အရေးယူသွားမယ်လို့ ဩဂုတ် ၁၉ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ အစည်းအဝေးမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် နိုင်ငံသားတွေအနေနဲ့လည်း ကျပ်ငွေသာကိုင်ဆောင်ဖိုနဲ့ နိုင်ငံခြားသုံးငွေ ကိုင်ဆောင်လိုပါက တရားဝင်လက်ဝယ်ရှိကြောင်း အထောက်အထားပြရမှာဖြစ်သလို မပြသနိုင်ပါက ထိရောက်စွာ အရေးယူမှာဖြစ်ပြီး တရားဝင်ကိုင်ဆောင်မှုအဖြစ် ဒေါ်လာ ၁၀၀၀ အထိသာ ကိုင်ဆောင်နိုင်မယ်လို့ သူက ဆိုပါတယ်။

စစ်ကောင်စီဟာ နိုင်ငံခြားသုံးငွေတွေကို ထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင်လဆန်းပိုင်းကလည်း နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီကို ပြင်ဆင်ဖွဲ့စည်းခဲ့ပေမယ့် လက်ရှိအချိန်ထိ နိုင်ငံခြားငွေကြေးမြင့်တက်မှု ပြဿနာကို ထိန်းချုပ်နိုင်ခြင်း မရှိသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.