နေပြည်တော် – ဩဂုတ်(၁၉)

ဘာမှမျှော်လင့်ပါနဲ့ ဆိုတဲ့ ဇာတ်လမ်းတိုဟာ ဗုဒ္ဓသာသနာတော်ကို ထိခိုက်ညှိိုးနွမ်းစေဖို့ တမင်ဖန်တီးပုံဖော်ထားတဲ့အတွက်ဆိုပြီး အသက်(၁၂) နှစ်အရွယ် ကလေးငယ်အပါအဝင် (၁၄) ဦးကို သာသနာညှိုးနွမ်းစေမှုနဲ့ စစ်ကောင်စီတပ်က ဖမ်းဆီးလိုက်တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ်လ(၈) ရက်နေ့က ဇာတ်လမ်းတိုမှာ ပါဝင်တဲ့ နိုင်ငံခြားသားဒါရိုက်တာနဲ့ အသက် (၁၂) နှစ်အရွယ် အမျိုးသမီးငယ် တစ်ဦးအပါအဝင် လူ(၁၄) ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့တာပါ။

စစ်ကောင်စီကတော့ ဇာတ်လမ်းတိုဟာ ကိုယ်အမူအယာ၊နှုတ်အမူအယာနဲ့ရဟန်းသံဃာတော်တွေရဲ့ ဂုဏ်သိက္ခာ၊ကိုယ်ကျင့်တရားကို ထိခိုက်ကျဆင်းစေအောင်အပြင် ဗုဒ္ဓဘာသာဝင်တွေရဲ့ စိတ်နှလုံးကိုထိခိုက်စေကာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာသာသနာကို စော်ကားတယ်ဆိုတဲ့ အပြုအမှုတွေကြောင့် ဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။

နွေဦးတော်လှန်ရေး ဘာသာပေါင်းစုံကွန်ယက် ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဦးဇင်း မင်းသုည(ဗုဒ္ဓတက္ကသိုလ်) ကတော့ “ဘာမှမမျှော်လင့်နဲ့” ဇာတ်လမ်းတိုဟာ သာသနာကို ညှိုးနွမ်းအောင်လုပ်ထားတာမဟုတ်ဘဲ ပညာပေးဇာတ်လမ်းသာဖြစ်တယ်လို့ သံလွင်တိုင်းမ် ကိုမိန့်ကြားခဲ့ပါတယ်။

“အခုဟာက တကယ့်သာသနာရဲ့လမ်းကြောင်းအမှန်ကို ဝေဖန်ပိုင်းခြားပြီး ရိုက်ပြတာပဲ။ ပြုပြင်ပြောင်းလဲရေး ပညာပေးရိုက်ပြတာပဲ။ဒါကိုဖမ်းတယ်ဟေ့ဆိုတာကတော့ သက်သက် အခုနပြောခဲ့တဲ့ မုဒိမ်းဘုန်းကြီးတွေ အဲ့ဒါတွေကသာ သာသနာညှိုးနွမ်းမှုဖြစ်စေတယ်။အခုရိုက်ထားတာတွေသည် သာသနာကိုသန့်ရှင်းစေလိုလို့ ပညာပေးရိုက်ထားတယ်လို့ပဲ ဦးဇင်းတို့မြင်ပါတယ်။” လို့ မိန့်ကြားခဲ့ပါတယ်။

ဒါ့အပြင် မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ ဘုန်းကြီးတွေကို အမှုက ပြန်လွှတ်ပေးတာ၊ ဘုန်းကြီးကျောင်း မြေကို ရောင်းစားတဲ့ ဘုန်းကြီးကို တိုင်ကြားတဲ့ သံဃာကို ကျောင်းက နှင်ချတာအပြင် လူမှုကွန်ရက်မှာ မကြာခဏမြင်တွေ့နေရတဲ့ ဘုန်းတော်ကြီးတွေနဲ့ အမျိုးသမီးတွေရဲ့ ဝိနည်းနဲ့ မညီတဲ့ ပြုမူနေထိုင်တဲ့ ရုပ်သံမှတ်တမ်းတွေကသာ သာသနာကို အမှန်တကယ် ညှိုးနွမ်းစေတာ ဖြစ်တယ်လို့ ဦးဇင်းမင်းသုညက ထပ်မံမိန့်ကြားပါသေးတယ်။

စစ်တပ်ထောက်ခံသူတွေကြားမှာ သာသနာပြုမင်းလို့ ခေါ်နေကြတဲ့ အာဏာသိမ်းစစ်ခေါင်းဆောင်လက်ထက်မှာ သာသနာပြုဆရာတော်ကြီးတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေအပြင် နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ သံဃာတော်တွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ လုပ်ဆောင်နေတာပါ။

အဲဒီလို ပြုလုပ်နေတဲ့အတွက် သာသနာတော်ဟာ ပိုမိုယိုယွင်းပျက်စီးလာတာဖြစ်တယ်လို့ ဆရာတော် သံဃာတော်တွေက ထောက်ပြထားကြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ(၂၄) ရက်နေ့က ”ဘာမှမမျှော်လင့်ပါနဲ့ (Don’t expect anything!)” ဇာတ်လမ်း ကို isi Dhamma Youtube Channel ကတစ်ဆင့် ထုတ်လွှင့်ခဲ့တာ​ဖြစ်တယ်လို့ သိရပါတယ်။

ဇာတ်လမ်းတိုကို ဦးဆောင်ရိုက်ကူးခဲ့တဲ့ ဇာတ်ညွှန်း၊ ဒါရိုက်တာဖြစ်သူ ဆွစ်ဇာလန်နိုင်ငံသား Didier Nusbaumer နဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ ဆန်းဝင်း(ခ) ဦးဇာနိန္ဒ၊ ယွန်းအိခင်(ခ)ယွန်းယွန်း၊ ဇာနည်ဦး၊ ဝင်းမိုး၊ ကျော်သက်ထွေး (ခ)ဖိုးထူး၊ ရဲလင်းထွန်း (ခ)ကိုရဲ၊ ချမ်းချမ်းမေ(ခ)ခင်ရူပါ ရှင်းသန့်၊ ရွှေရည်ဝင်း(ခ)ကဲကဲ၊ ကောင်းစံထွန်း(ခ) ကြယ်စင်၊ မိုးပြည့်ပြည့်သူ(ခ)ဂျူးဂျူးစံ၊ ခါတော်မီ(ခ)ခါခါ၊ ဖြိုးမောင်မောင် (ခ)ဂျိုးဆက်သွင်၊ ဉာဏ်လင်းဖြိုး(ခ)ဘရိုင်ယန်တို့ဟာ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – ဘာမှမျှော်လင့်ပါနဲ့ (ဇာတ်လမ်းပြကွက်တစ်ခု)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.