မင်္ဂလာပါရှင့်။ သံလွင်တိုင်းမ်ရဲ့ အမှန်/အမှား အစီအစဉ်ကနေ ကြိုဆိုပါတယ်။

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်၊အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်ကောင်စီလော်ဘီတွေ ဖြန့်ဝေနေတဲ့ “NUGရန်ကုန်တိုင်းစစ်ဆင်ရေး တာဝန်ခံ ကိုဒီငြိမ်းလင်းနဲ့အဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်ညောင်လေးပင် လမ်းပိုင်းကပြည်သူတွေကို သတ်ဖြတ်တာ၊ ယာဉ်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်လျက်ရှိနေတယ်” ဆိုတဲ့ အကြောင်းအရာကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို PEOPLE MEDIA, Han Nyein Oo တယ်လီဂရမ်ချန်နယ်နဲ့ We love Myanmar, မျိုးချစ်စတဲ့ အွန်လိုင်းမှာ ဝါဒဖြန့် ရေးသားဖြန့်ဝေနေတာပါ။

တပ်ထောက်ခံသူအကောင့်တုတွေ ဖြန့်ဝေနေတဲ့ ဓာတ်ပုံနဲ့ပိုစ့်ပါအကြောင်းအရာနဲ့ ပတ်သက်ပြီး သံလွင်တိုင်းမ်က စစ်ဆေးကြည့်ရာမှာတော့ ထုတ်ပြန်ချက်အတု ဝါဒဖြန့်သတင်းအမှားတစ်ခုသာ ဖြစ်နေတာကို စိစစ်တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ ဩဂုတ်လ၁၁ရက်နေ့က NUG ရန်ကုန်တိုင်းစစ်ဆင်ရေး တာဝန်ခံ ကိုဒီငြိမ်းလင်းဦးဆောင်တဲ့ ပြည်သူ့ကာကွယ်ရေး တပ်မတော်အဖွဲ့ဝင်တွေက ရွှေကျင် – ညောင်လေးပင်လမ်းပိုင်းတစ်နေရာမှာ ပြည်သူလူထုကို ဒုက္ခပေးနေတဲ့ စစ်ကောင်စီ၏ နယ်ထိန်းရဲတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းနေတဲ့ ရုပ်သံမှတ်တမ်းနဲ့ဓာတ်ပုံတွေသာ ဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

NUG ရန်ကုန်တိုင်းစစ်ဆင်ရေး တာဝန်ခံကိုဒီငြိမ်းလင်းဉီးဆောင်တဲ့ Royal Peacock Columnအဖွဲ့က ရွှေကျင် – ညောင်လေးပင်လမ်းပိုင်းတစ်နေရာမှာ လုံခြုံရေးဆောင်ရွက်နေစဉ် မဒေါက်ရဲစခန်းမှာ နယ်ထိန်းရဲတာဝန်ယူထားတဲ့ အောင်ကိုကိုနိုင်ကို ဖမ်းဆီးနိုင်ခဲ့ပါတယ်။

ဒီ နယ်ထိန်းရဲဟာ ပြည်သူလူထုအား ခြိမ်းခြောက်ပြီး သတင်းပေးများလုပ်ခိုင်းခြင်း ၊ ငွေညှစ်ခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအား ထောင်ချောက်ဆင် ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်း၏လက်ကိုင်ဖုန်းရှိ အချက်အလက်များအရ စိစစ်တွေ့ရှိရသည်ဟု Royal Peacock Columnက သတင်းထုတ်ပြန်ချက်နဲ့ လွတ်လတ်သော သတင်းဌာနများရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

စစ်ကောင်စီအဖွဲ့ဝင် နယ်ထိန်းရဲကို ဖမ်းဆီးနေတဲ့ ရုပ်သံမှတ်တမ်းတွေကို Royal Peacock Columnက သတင်းထုတ်ပြန်ထားခဲ့တာဖြစ်ပြီး အဆိုပါဓာတ်ပုံမှတ်တမ်းများကို စစ်တပ်ထောက်ခံသူ အကောင့်တွေက တယ်လီဂရမ်ချန်နယ်တွေမှာ လိုရာဆွဲရေးသားကာ ဖြန့်ဝေနေတဲ့ ဝါဒဖြန့်သတင်းအမှား တစ်ခုသာဖြစ်တာကို စိစစ်တွေ့ရှိရပါတယ်။

ရန်ကုန်တိုင်းစစ်ဆင်ရေး တာဝန်ခံကိုဒီငြိမ်းလင်းနဲ့ ဉီးဆောင်တဲ့ Royal Peacock Columnအဖွဲ့ရဲ့ သတင်းထုတ်ပြန်ချက်လင့်

http://surl.li/kfods

People’s Spring သတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

http://surl.li/kfodx

MYANAMR pressphoto agencyသတင်းဌာနက ဖော်ပြထားတဲ့ သတင်းလင့်

http://surl.li/kfoec

ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ “NUGရန်ကုန်တိုင်းစစ်ဆင်ရေး တာဝန်ခံကိုဒီငြိမ်းလင်းနဲ့အဖွဲ့က ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ရွှေကျင်-ညောင်လေးပင် လမ်းပိုင်းကပြည်သူတွေကို သတ်ဖြတ်တာ ၊ယာဉ်တွေကို စစ်ဆေးတာတွေ လုပ်ဆောင်လျက်ရှိနေပါတယ်” ဆိုတဲ့ အကြောင်းအရာဟာ စစ်တပ်ထောက်ခံသူတွေဘက်က ဖြန့်ဝေနေတဲ့ သတင်းအမှားတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိသတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.