နေပြည်တော်၊ သြဂုတ်(၁၉)

ဘုရားဒကာဘွဲ့ခံ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တည်ထားတဲ့ နေပြည်တော်က မာရဝိဇယကျောက်ဆင်းတုတော် ဖူးမျှော်ခွင့်အတွက် ဝင်ကြေးကောက်ခံတာဟာ ဘုရားဗန်းပြပြီး စီးပွားရှာတာလို့ ပြည်သူတွေက ဝေဖန်လိုက်ပါတယ်။

မာရဝိဇယဘုရားထံ အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေ စိတ်ချမ်းသာစွာနဲ့ လာရောက်ဖူးမြော်နိုင်ဖို့ ဩဂုတ် ၂၀ ရက်နေ့ နောက်ပိုင်း ဘုရားနဲ့ ဥယျာဉ်တော်ကြီး ရေရည်တည်တံ့ရေး လိုအပ်တဲ့ ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းတွေအတွက် ပါဝင်နိုင်ဖို့ အကြောင်းပြချက်နဲ့ ဝင်ကြေးကောက်ဖို့ စစ်ကောင်စီက ကြေညာလာတာပါ။

စစ်ခေါင်းဆောင်တည်တဲ့ ဘုရားကို သွားရောက်ဖူးမြော်သူတွေအနေနဲ့ လူကြီးနဲ့ ကလေး ၁၀၀၀ ကျပ်၊ နိုင်ငံခြားသားတစ်ဦး အမေရိကန် ၁၀ ဒေါ်လာ၊ အပျော်ရိုက်ကင်မရာ ၅၀၀၀ ကျပ်၊ အလှဓါတ်ပုံနဲ့ ဗီဒီယိုအပါ ၅၀၀၀၀ ကျပ်၊ ယာဉ်တစ်စီး ၂၀၀၀၀ ကျပ်နဲ့ Buggy တစ်စီး တစ်နာရီ ၁၀၀၀၀ ကျပ် ကောက်ခံမယ်လို့ ထုတ်ပြန်ထားတာပါ။

ဘုရားတည်ပြီး ပြည်သူတွေဆီက ဝင်ကြေးကောက်ခံဖို့ လုပ်ဆောင်လာတဲ့ စစ်ကောင်စီကြေညာချက်အပေါ် ပြည်သူတစ်ဦးကတော့ ဘုရားဗန်းပြပြီး စီးပွားရှာသလိုဖြစ်နေတာကြောင့် သွားဖူးရင်လည်း ပိုက်ဆံကုန်ဦးမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စီးပွားရေးလုပ်စရာမရှိတော့ နောက်ဆုံးဘုရားထဲမှာ စီးပွားရေးလုပ်တယ်လို့ မြင်တယ်။ ဘုရားထဲမှာ စီးပွားရေးလုပ်ရင်းနဲ့ တစ်ယောက်ကို ဘယ်လောက်၊ ဘုရားကအဲဒီလိုပြစားဖို့မှ မဟုတ်တာဗျာ။ ကုသိုလ်ဖြစ် တည်ထားတာဆိုရင် ရည်ရွယ်တယ်ဆို အခမဲ့ဖူးခွင့်ရသင့်တာပဲလေ။ အခုဟာက ဘုရားဗန်းပြပြီးတော့ ဘုရားတည် စီးပွားရှာသလိုဖြစ်နေတာပေါ့ဗျာ။ ဖူးချင်တဲ့ဘုရားတွေက အများကြီးပဲ။ ဒါပေမယ့် အဲဒီဘုရားကိုတော့ စာရင်းရဲ့ အောက်ဆုံးနားလောက်မှာ ရှိမယ်ထင်တာပဲ။ သွားဖူးရင်လည်း ပိုက်ဆံကုန်ဦးမှာလေ”လို့ သူက ဆိုပါတယ်။

မြန်မာနိုင်ငံဟာ ဆယ်စုနှစ်များစွာ စစ်ဗိုလ်ချုပ်တွေ လက်နက်အားကိုးနဲ့ ဗိုလ်ကျခြယ်လှယ်ပြီး နိုင်ငံကိုအုပ်ချုပ်တဲ့ ကာလတလျှောက် တိုင်းပြည်ဟာ ဆင်းရဲတွင်းနက်ကနေ ရုန်းထွက်နိုင်ဖို့ ထောက်တိုင်ဖြစ်တဲ့ ဒီမိုကရေစီစနစ်ကလည်း အာဏာသိမ်းမှုကြောင့် တစ်ခန်းရပ်သွားခဲ့ရတာပါ။

တစ်ဖက်မှာ အာဏာသိမ်းမှုအလွန် ချွတ်ခြုံကျလာနေတဲ့ လူမှုစီးပွားဟာ နာလန်မထူနိုင်တော့တဲ့အပြင် အတက်သာရှိပြီးအကျမရှိတဲ့ နိုင်ငံခြားငွေဈေး၊ ရွှေဈေးအပါအဝင် ကုန်ဈေးနှုန်းတွေကလည်း အခြေခံလူတန်းစား ပြည်သူတွေအဖို့ အသက်ရှူရပ်ရမယ့် ကိန်းဆိုက်နေတာပါ။

အခုလိုပြည်သူတွေ ကျပ်တည်းနေချိန် စစ်ခေါင်းဆောင်က ဘုရားကိုခုတုံးလုပ်ပြီး အကျိုးအမြတ်ရှာတာဟာ သာသနာရဲ့ ပုံရိပ်ကျဆင်းစေတာကြောင့် ပြည်သူတစ်ယောက်အနေနဲ့ လက်ခံနိုင်စရာမရှိဘူးလို့ ဆိုပါတယ်။

“လူတွေက ကျပ်တည်းနေပါတယ်ဆိုမှ ဆင်းရဲသားတစ်ယောက်က အဲဒီဘုရားကို မမြင်ရတော့ဘူး၊ မဖူးရတော့ဘူးလား။ ပိုက်ဆံမရှိတဲ့သူဆို ဘယ်လိုလုပ်မလဲ။ အဲဒီဘုရားရဲ့ ပရဝိုဏ်အတွင်းကို ဘယ်လိုမှသွားဖို့ အခွင့်အရေးမရှိနိုင်တော့ဘူး။ ဘုရားဆိုတာ ၇ ရက်သားသမီးတွေ ဘယ်သူပဲဖြစ်ဖြစ် လွတ်လပ်စွာသွားရောက် ဦးချဖူးမြော်ပိုင်ခွင့်ရှိတယ်လေ။ ကျွန်တော်တို့က အဲဒီလိုပဲမြင်တယ်။ ဒါက ဘုရားကို သူပိုက်ဆံအကုန်ခံထားမှ မဟုတ်တာ၊ ခရိုနီတွေဆီကနေ စုပေါင်းပြီးတော့ ဝိုင်းလုပ်ထားတဲ့ဟာပဲ။ ဒါပေမယ့် ဒီအပေါ်မှာ ဘုရားကိုခုတုံးလုပ်ပြီး အကျိုးအမြတ်ရှာတယ်ဆိုတာ ဘာသာသာသနာရဲ့ ပုံရိပ်က ကျစေတယ်။ ပြည်သူတစ်ယောက်အနေနဲ့ ဘယ်လိုမှလက်ခံနိုင်စရာမရှိဘူးဗျ”လို့ သူက ဆိုပါတယ်။

ဒါ့အပြင် အခကြေးငွေပေးပြီးတော့မှ ဘုရားဖူးခွင့်ရမယ်ဆိုတာ ဘယ်လိုမှမဖြစ်သင့်သလို ကမ္ဘာမှာ မြန်မာနိုင်ငံတစ်ခုပဲရှိပြီး မလုပ်သင့်မလုပ်ထိုက်တဲ့အလုပ်ကို လုပ်ဆောင်နေတာလို့ သူကဆက်ပြောပါတယ်။

မာရဝိဇယဘုရားကို ဩဂုတ် ၁ ရက်နေ့က အနေကဇာတင်ပွဲအပါအဝင် ပရဝုဏ်အတွင်းရှိ ပါဠိ-မြန်မာ-ရိုမန် သုံးဘာသာနဲ့ ထွင်းထုပူဇော်ထားတဲ့ ပိဋကကျောက်စာအချပ်ရေ ၁၄၄၀ ချပ်ရှိ စေတီတွေရဲ့ ထီးတော်တင်ပွဲမှာ ပြည်တွင်းပြည်ပ သံဃာတော်အပါး (၉၀၀) ကို ပင့်ဖိတ်ပြီး စစ်ကောင်စီက တခမ်းတနား ပြုလုပ်ခဲ့တာပါ။

အဲဒီနောက်ပိုင်း စစ်ခေါင်းဆောင်တည်တဲ့ဘုရားကို ရပ်နီးရပ်ဝေးပြည်သူတွေ အခမဲ့လာရောက်ဖူးမြော်ခွင့်ရဖို့ ရက်ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးပြီး အနယ်နယ်အရပ်ရပ်က ဘုရားဖူးပြည်သူတွေနဲ့ အထူးစည် ကားတဲ့အကြောင်း စစ်တပ်ဝါဒဖြန့် နိုင်ငံပိုင်သတင်းစာတွေက စာမျက်နှာအပြည့် ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.