ရန်ကုန်၊ သြဂုတ်(၁၉)

အာဏာသိမ်း စစ်ကောင်စီလက်ထက်မှာ မတရားဖိနှိပ်ခံနေရတဲ့ အလုပ်သမားတွေဟာ ဥပဒေအကာ အကွယ်မရဘဲ အကြောင်းအမျိုးမျိုးပြပြီး အလုပ်ဖြုတ်ခံရမှုနှုန်း စံချိန်တင်မြင့်တက်လာတယ်လို့ အလုပ်သမားအဖွဲ့အစည်းတွေက ပြောပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ စစ်တမ်းအရ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်ထုတ်ပယ်ခံရမှုနှုန်း ၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး အလုပ်အကိုင်ရပ်စဲမှုကလည်း ၂၃ ဒသမ ၅ ရာခိုင်နှုန်းအထိ တိုးလာတယ်လို့ သြဂုတ် ၁၂ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီထဲမှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမား ၂၉ ဒသမ ၅ ရာခိုင်နှုန်းသာ ဥပဒေအရ ပြဌာန်းထားတဲ့ အလုပ်ထုတ်နစ်နာကြေးရရှိကြပြီး နစ်နာကြေးရရှိသူတွေကလည်း အမျိုးသားတွေနဲ့ ဝါရင့်အလုပ်သမားတွေသာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံအထွေထွေအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (FGWM) ဥက္ကဋ္ဌ ဒေါ်မိုးစန္ဒာမြင့်ကတော့ စစ်ကောင်စီလက်ထက်မှာ အလုပ်သမားအခွင့်အရေးချိုးဖောက်ခံရမှုဟာ အမြင့်ဆုံးအခြေအနေအထိ ရောက်ရှိလာပြီး အဆိုးဆုံးကတော့ အကြောင်းအမျိုးမျိုးပြပြီး အလုပ်ထုတ်ခံရတာ ဖြစ်တယ်လို့ ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ အလုပ်သမားအခွင့်အရေး ချိုးဖောက်မှုတွေထဲမှာ ခုနက အလုပ်ဖြုတ်ခံရမှုတွေကလည်း အများဆုံးပါတယ်။ အဲဒီတော့ ချိုးဖောက်မှုတွေက အခုလက်ရှိ အချိန်ထိဆိုလို့ရှိရင် အမြင့်ဆုံးအဆင့်ကိုရောက်နေတာပေါ့။ ရာခိုင်နှုန်းအားဖြင့် ၁၀၀ ရာခိုင်နှုန်းအထိကိုမှ ရောက်နေတာပေါ့နော်။ ခွင့်ရက်နဲ့ အလုပ်ပိတ်ရက် ဥပဒေအတိုင်း ခွင့်ယူမယ်ဆိုလို့ရှိရင်တောင်မှ အလုပ်ဖြုတ်တဲ့ အခြေနေထိရှိတယ်။ နောက်တစ်ခုက မတရားတဲ့ ဝမ်နင်တွေကိုလည်း ထပ်ခါထပ်ခါထိုးပြီးတော့မှ အလုပ်ဖြုတ်တာတွေလည်းရှိသလို အလုပ်ဖြုတ်တဲ့ခေါင်းစဉ်တွေကတော့ ပုံစံအမျိုးမျိုးနဲ့ အလုပ်သမားတွေက ကြုံတွေ့ခံစားနေရတယ်” လို့ သူက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ (ILO) ရဲ့ အဆိုအရ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်သူ့ကဏ္ဍကနေ အလုပ်အကိုင်ရပ်စဲမှု ၃၉.၂ ရာခိုင်နှုန်းအထိ တိုးလာပြီး ပညာရေးကဏ္ဍမှာ အများဆုံး ဖြစ်ပွားနေတယ်လို့ ဆိုပါတယ်။

အလုပ်ထုတ်ခံရပြီးနောက် အလုပ်ပြန်လည်လုပ်ကိုင်သူထဲမှာ ၇၀ ရာခိုင်နှုန်းဟာ လခစားအလုပ်ကိုရှာတွေ့ကြပြီး ကျန် ၃၀ ရာခိုင်နှုန်းဟာ ကိုယ်ပိုင်လုပ်ငန်း လုပ်ကိုင်လာတယ်လို့ စစ်တမ်းမှာ ဖော်ပြပါရှိပါတယ်။

အလုပ်ဖြုတ်ခံရတဲ့ အလုပ်သမားတစ်ဦးကတော့ အလုပ်ပြန်လည် ရှာဖွေရာမှာ များစွာအခက်အခဲတွေ ဖြစ် ပေါ်နေပြီး သတ်မှတ်အရည်အချင်းထက် ကျော်လွန်တောင်းခံမှုတွေနဲ့ ကြုံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျွန်မတို့အလုပ်သမားတွေ အလုပ်ထုတ်ခံလိုက်ရပြီဆိုရင် ဆုံးရှုံးလိုက်ရပြီဆိုရင် နောက်အလုပ်တစ်ခုပြန်လျှောက်ဖို့အတွက် ကျွန်မကိုယ်တိုင်ပဲပေါ့နော် အသက်ကြီးသွားလို့၊ အသက်၃၀ ကျော်သွားလို့ အလုပ်မခေါ်တာတွေရှိတယ်။ နောက်ဆုံး ကျွန်မတို့ စားဝတ်နေရေးအခက်ခဲဖြစ်နေတဲ့အတွက် သန့်ရှင်းရေးအလုပ်လုပ်မယ်လို့ စိတ်ကူးထားရင်တောင်မှ သန့်ရှင်းရေးအလုပ်ကိုတောင် အသက်၃၀ကျော်သွားရင် မခေါ်တော့ဘူးဆိုတဲ့ ပုံစံမျိုးတွေ ကျွန်မတို့အခက်ခဲတွေဖြစ်တယ်ပေါ့။ စက်ချုပ်သမားဆိုရင်လည်း အသက်ကြီးတယ်ဆိုရင်တောင်မှ သူတို့ကစက်ကို အနည်းဆုံး ၃မျိုးကျွမ်းကျင်ရမယ်ဆိုပြီး အဲဒီလိုမျိုးတွေခေါ်တယ်။ အဲဒါကိုတောင်မှ လစားတန်းမခန့်ဘူး နေ့ စား ၁လ ၂လ ဆင်းပေးရသေးတယ်”လို့ သူကဆိုပါတယ်။

တဖက်မှာတော့ အလုပ်သမားတွေဟာ လခစားအလုပ်တွေကို ပြန်လည်ရှာဖွေရာမှာ အချိန်အားဖြင့် အနည်းဆုံး ၅ လအထိ ကြာမြင့်တက်ပြီး အလုပ်သမားတချို့ကတော့ တရားမဝင်လမ်းကြောင်းကနေ ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်မှု ပိုမိုမြင့်တက်လာ ဖြစ်ပါတယ်။

ILO ရဲ့ မြန်မာဆက်သွယ်ညှိနှိုင်းရေးမှူးကတော့ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ တစ်မူထူးခြားစွာ ခက်ခဲတဲ့အခြေအနေတွေကို အစုံလိုက်ရင်ဆိုင်နေရပြီး အလုပ်သမားအခွင့်အရေးတွေကို လေးစားဖို့ အပူတပြင်းလိုအပ်နေပြီလို့ ဆိုထားပါတယ်။

ကမ္ဘာ့ဒုတိယအကြီးဆုံး ဖက်ရှင်လက်လီအရောင်းလုပ်ငန်း H&M ဟာ နိုင်ငံအတွင်းမှာရှိတဲ့ အထည်ချုပ်စက်ရုံတွေမှာ အလုပ်သမားတွေကို ဖိနှိပ်မှုတွေမြင့်တက်နေတာကြောင့် မြန်မာနိုင်ငံကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ပြည်ပသတင်းဌာနတချို့မှာ ဖော်ပြလာပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-NUB

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.