ကျောက်ကြီး၊ သြဂုတ်(၁၇)

စစ်ရေးပဋိပက္ခပြင်းထန်နေတဲ့ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်ထဲကို ရက်ပေါင်း ၁၀၀ အတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ၃၃ ကြိမ်နဲ့ လက်နက်ကြီးပစ်ခတ်မှု အကြိမ် ၄၀၀ ကျော် ပြုလုပ်ခဲ့တယ်လို့ ကရင်အရေးပေါ် ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ပါတယ်။

KNU ကျောက်ကြီးမြို့နယ်ထဲ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့ မေ ၁ ရက်နေ့ကနေ သြဂုတ် ၁၅ ရက်နေ့အထိ ရက်ပေါင်း ၁၀၀ ကျော်အတွင်း အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ လေကြောင်းနဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေ ကျုးလွန်ထားပါတယ်။

စစ်ကောင်စီတပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် ကျောင်းသား၊ ကျောင်းသူ ၄ ဦးအပါအဝင် စုစုပေါင်း ၆ ဦးသေဆုံးခဲ့သလို အပြင်းအထန်ဒဏ်ရာရတဲ့ အရပ်သားပြည်သူ ၁၃ ဦး ရှိပြီး နေအိမ် အလုံး ၂၀ ထိခိုက်ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ ၁၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးထောင်ချတာ၊ ၂ ဦးကို နှိပ်စက်သတ်ဖြတ်တာ၊ ၃ ဦးကို အရှင်လတ်လတ် မီးရှို့သတ်တာအပြင် နေအိမ်အလုံး ၂၀ နီးပါး မီးရှို့ဖျက်ဆီးခံထားရတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အင်းပရိ၊ ကျောင်းကုန်း၊ ရေတွင်းကုန်း၊ ကန်ကလေး၊ ပေါက်ကုန်း၊ နွာရေချောင်းအပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံပြည်သူလူထူ ၈၀၀၀ ကျော်ဟာ နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

သဘာဝဘေးဒဏ်ကြောင့်လည်း ကျေးရွာ ၈ ရွာက ပြည်သူ ၂၀၀၀ ကျော်ဟာ ရေဘးသင့်ခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာ၊ ကုန်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာ၊ အလုပ်အကိုင်မရှိတဲ့အတွက် စားဝတ်နေရေး အခက်ကြုံနေရသလို ငှက်ဖျားရောဂါ၊ ရာသီတုပ်ကွေးရောဂါ ဖြစ်ပွားမှုတွေရှိနေတဲ့အတွက် အရေးပေါ်ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

စစ်ဒဏ်၊ သဘာဝဘေးဒဏ်ရင်ဆိုင်နေရတဲ့ ပြည်သူလူထုတွေရဲ့ ကျန်းမာရေး၊ ပညာရေးနဲ့ စားဝတ်နေရေး အခက်အခဲတွေအတွက် အကူအညီတွေ လိုအပ်လျက်ရှိကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက အသိပေးထားပါတယ်။

အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ စစ်ကောင်စီတပ်ရဲ့ စစ်ရာဇဝတ်မှုကျုးလွန်မှုတွေအပြင် လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက်မှုတွေအတွက် ပြည်တွင်း၊ ပြည်ပရှိ လူပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေ အဖက်ဖက်ကနေဆန့်ကျင်ပြီး နည်းမျိုးစုံသုံးပြီး ဖိအားပေးသွားဖို့ တိုက်တွန်းထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.