ရန်ကုန်၊ သြဂုတ်(၁၆)

ပြည်တွင်းဆန်ဈေးနှုန်း တည်ငြိမ်ဖို့အတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က အရန်ဆန်တွေ ထုတ်ရောင်းပေးနေပေမယ့် ဈေးကွက်အတွင်းဆန်ဈေးနှုန်း အတက်ကြမ်းနေတယ်လို့ ဆန်ကုန်သည်တွေနဲ့ အိမ်ရှင်မတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းတည်ငြိမ်ဖို့နဲ့ စားသုံးသူပြည်သူတွေအတွက် ပစ္စည်းမှန် ဈေးနှုန်းမှန်ဖြစ်စေဖို့ ပုဂ္ဂလိကအခန်းကဏ္ဍကနေ အရန်ဆန်အိတ် ၅၀,၀၀၀ ကို ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့ကစပြီး ရောင်းချပေးနေတာ ဖြစ်ပါတယ်။

အရန်ဆန်ထုတ်ရောင်းပေးရာမှာ ရွှေဘိုပေါ်ဆန်းမွှေး တစ်အိတ် ကျပ် ၁၂၀,၀၀၀ ၊ ဧရာဝတီပေါ်ဆန်းမွှေးတစ်အိတ် ကျပ် ၉၇,၀၀၀ ၊ ဆန်ကြမ်းအုပ်စုဝင် ဧည့်မထဆန်တစ်အိတ်ကို ကျပ် ၆၅,၀၀၀ နဲ့ ရန်ကုန်ဈေးကွက်ကနေ ရောင်းချပေးနေတာပါ။

ဩဂုတ် ၁၅ ရက်နေ့ ပြည်တွင်းဆန်ဈေးနှုန်းဟာ ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၁၄၅,၀၀၀ ၊ ပေါ်ဆန်းတစ်အိတ် ကျပ် ၁၁၀,၀၀၀ နဲ့ ရက် ၉၀ ဆန်တစ်အိတ် ၈၀၀၀၀ နီးပါး ဈေးမြင့်တက်လာခဲ့တယ်လို့ ရန်ကုန်မြို့ဝါးတန်းဆန်ကုန်စည်ဒိုင်ကနေ သိရပါတယ်။

အရန်ဆန်မထုတ်ရောင်းမီ သြဂုတ်လဆန်းပိုင်းက ရွှေဘိုပေါ်ဆန်းတစ်အိတ် ကျပ် ၁၃၀,၀၀၀ ၊ ပေါ်ဆန်းတစ်အိတ် ကျပ် ၉၅,၀၀၀၊ ရက် ၉၀ ဆန်တစ်အိတ် ၇၆,၀၀၀ ကျပ် ဝန်းကျင်သာ ပေါက်ဈေးရှိခဲ့ပေမယ့် လက်ရှိမှာတော့ ဈေးနှုန်းထိုးတက်လာတာပါ။

ဆန်ဈေးနှုန်းဟာ မြန်မာငွေတန်ဖိုးဆက်တိုက်ကျဆင်းလာတာ၊ ပြည်တွင်းလက်ကျန်စပါးနည်းပါးလာတာ၊ အထွေထွေကုန်စရိတ် အဆမတန်မြင့်တက်နေတဲ့အတွက် ဈေးနှုန်းထပ်လိုက်လာတာလို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။

ပြည်တွင်းဆန်ဈေးနှုန်း ထပ်မံမြင့်တက်လာတဲ့အတွက် အခြေခံလူတန်းစားပြည်သူတွေဟာ နေ့စဉ် ဝယ်ယူစားသောက်ဖို့ပင် အခက်ကြုံလာရတယ်လို့ သိရပါတယ်။

ဆန်လုပ်ငန်းကျွမ်းကျင်သူတွေကကတော့ ဆန်ဈေးနှုန်းဟာ နိုင်ငံရေးတည်မငြိမ်မှုနဲ့အတူ စိုက်ပျိုးမှု ထပ်မံလျော့ကျလာတာ၊ ဈေးကွက်လိုအပ်ချက် ကြီးမြင့်လာတဲ့အတွက် လာမယ့် ၃ လအတွင်း ဈေးနှုန်းထပ်မံကြီးမြင့်မှုဒဏ်ကို ပြည်သူတွေ ခံစားရနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.