ကိုလံဘို – ဩဂုတ်(၁၇) 

သီရိလင်္ကာနိုင်ငံမှာ ထရပ်ကားနဲ့ အကြီးစားယာဉ်တင်သွင်းတာတွေကိုပြီးခဲ့တဲ့ ဩဂုတ်လ(၁၅) ရက်နေ့မှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်တယ်လို့ ဂေဇက်သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

ဒေါ်လာငွေရှားပါးလာတာနဲ့အတူ နိုင်ငံရဲ့စီးပွားရေး ဆိုးရွားစွာပြတ်တောက်သွားတဲ့ ဘဏ္ဍာရေး အကျပ်အတည်ကြောင့် ချမှတ်ထားတဲ့ သွင်းကုန်ကန့်သတ်ချက်တွေကို တဖြည်းဖြည်း ဖြေလျှော့ ပေးနေတာဖြစ်တယ်လို့ သိရပါတယ်။

ဒီဖြေလျှော့မှုဟာ လွန်ခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လက ချမှတ်ထားတဲ့ မော်တော်ယာဉ်များဆိုင်ရာ ကန့်သတ်ချက်တချို့ကို ပြန်လည်ရုတ်သိမ်းလိုက်တာဖြစ်ပါတယ်။ 

ဘတ်စ်ကား၊ထရပ်ကားနဲ့ ရေနံတင်ကားအပါအဝင် အကြီးစားယာဉ်တွေကို ပြန်လည်တင်သွင်း နိုင်ပြီလို့ ဘဏ္ဍာရေးဝန်ကြီးလည်းဖြစ်တဲ့ သမ္မတ ရန်နေးလ်ဝစ်ကမာဆင် အစိုးရရဲ့အကြောင်း ကြားစာအရ သိရပါတယ်။ 

အခုဖြေလျှော့မှုမှာ အငယ်စားမော်တော်ယာဉ်တွေအပါအဝင် ခရီးသည်တင်ယာဉ်တွေကိုတော့ တင်သွင်းခွင့် ပြုဦးမှာမဟုတ်ဘူး ပိတ်ပင်ထားတဲ့အခြေအနေမှာပဲရှိပါသေးတယ်။

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့(IMF) ဆီက အမေရိကန်ဒေါ်လာ(၂.၉) ဘီလျံ ထောက်ပံ့ငွေ ရရှိပြီးနောက် သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးဟာ လွန်ခဲ့တဲ့(၉) လအတွင်းမှာ တည်ငြိမ်ခဲ့ပြီး ငွေကြေးဖောင်းပွမှုအဆင့်ကို ထိန်းချုပ်နိုင်ခဲ့ကာ နိုင်ငံခြားငွေလဲလှယ်ရေးအရန်ငွေတွေကိုလည်း ပြန်လည်တည်ဆောက်ဖို့ စတင်နိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

သီရိလင်္ကာရဲ့ အရန်ငွေဟာ ဇူလိုင်လမှာ (၁၉) လအတွင်း အမြင့်ဆုံး(၂၆) ရာခိုင်နှုန်းတိုးလာပြီး ငွေလွှဲခြင်းနဲ့ ခရီးသွားလုပ်ငန်း ဝင်ငွေတွေ ပိုမိုအားကောင်းလာတဲ့အတွက် ဖြစ်တယ်လို့ဆိုထား သလို ငွေကြေးစျေးကွက်ဟာ ဒီနှစ်အတွင်း(၁၃.၅) ရာခိုင်နှုန်းမြင့်တက်ခဲ့တယ်လို့ ဗဟိုဘဏ်ရဲ့ အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ 

လက်ရှိမှာတော့ သီရိလင်္ကာနိုင်ငံဟာ အကျပ်အတည်းတွေဖြေလျှော့ခဲ့ပေမယ့် ပထမဆုံး (IMF) အစီအစဉ်ကို ပြန်လည်သုံးသပ်ဖို့ အချိန်မှီဖို့အတွက် စက်တင်ဘာလမှာ မြီးရှင်တွေနဲ့ ကြွေးမြီး ဆွေးနွေးပွဲတွေ အပြီးသတ်ဖို့ လိုအပ်နေသလို ပြန်လည်ထူထောင်ရေးလမ်းကြောင်းကို ရေရှည် တည်တံ့စေဖို့ အဓိကစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အကောင်အထည်ဖော်ရဦးမှာဖြစ်ပါ တယ်။ 

သီရိလင်္ကာနိုင်ငံရဲ့ စီးပွားရေးဟာ အရင်နှစ်က (၇.၈) ရာခိုင်နှုန်းကျဆင်းပြီးနောက် ဒီနှစ်မှာတော့ (၂) ရာခိုင်နှုန်းကျုံ့သွားဖွယ်ရှိတယ်လို့ ဗဟိုဘဏ်က ခန့်မှန်းထားပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.