ရေဖြူ၊ သြဂုတ်(၁၆)

တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် အလုံး ၄၀ ထက်မနည်း မီးလောင်ပျက်စီးထားတယ်လို့ ဒေသခံတွေနဲ့ မြို့နယ်ပကဖ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၁၄ ရက်နေ့မှာ တပ်အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းက ထိုးစစ်ဆင် ဝင်ရောက်လာတဲ့အတွက် ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့နဲ့ ဧကနိကျေးရွာထဲမှာ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဟာ ဧကနီကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကနဦးမှာ နေအိမ် အလုံး ၄၀ ထက် မနည်း ပျက်စီးထားသလို ကျေးရွာအတွင်း မီးခိုလုံးတွေ ထပ်မံထွက်ပေါ်နေတဲ့အတွက် နေအိမ်မီးလောင်ပျက်စီးမှု ပိုလာနိုင်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတဲ့အတွက် ဧကနိ၊ ဝဇွမ်းတောကျေးရွာအပါအဝင် ကျေးရွာ ၈ ရွာလောက် က ဒေသခံပြည်သူလူထု ၂၀,၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သြဂုတ် ၁၅ ရက်နေ့မှာတော့ စစ်ကောင်စီတပ်ဟာ ထွက်ပြေးတိမ်းရှောင်နေတဲ့ စစ်ရှောင်ပြည်သူတွေ နေထိုင် အနီး ရောက်ရှိလာပြီးနောက် ဒေသခံပြည်သူ ၅ ဦးထက်မနည်း ဖမ်းဆီးထားသလို စစ်ကောင်စီတပ်ရဲ့ ရမ်းသမ်း ပစ်ခတ်မှုကြောင့် စစ်ရှောင်ပြည်သူတစ်ဦးနဲ့ ဘုန်ကြီးတစ်ပါး သေနတ်ထိမှန် ဒဏ်ရာရရှိထားပါတယ်။

မနေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်းမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဘက်က PDF ရဲဘော် ၂ ဦး ဒဏ်ရာရရှိထားသလို စစ်ကောင်စီဘက်ကလည်း ထိခိုက်သေဆုံးတာတွေ ရှိနေပေမယ့် အရေအတွက် အတိ အကျကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ရေဖြူမြို့နယ် ပကဖ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ် စစ်ကြောင်းထိုးထားတာကြောင့် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့ ဘေးလွတ်ရာတွေကို အမြန်ဆုံးတိမ်းရှောင်ကြဖို့နဲ့ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို မဖြစ်မနေလိုက်နာပေးကြဖို့ ရေဖြူမြို့နယ်ပကဖအဖွဲ့က မေတ္တာရပ်ခံထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.