မော်လမြိုင်၊ သြဂုတ်(၁၆)

မွန်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုသဘာဝဘေးဖြစ်စဉ်ရဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေအတွက် စစ်ကောင်စီဘက်က ကူညီဆောင်ရွက်ပေးတာမရှိဘူးလို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဝေဖန်လိုက်ပါတယ်။

မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် သြဂုတ်လဆန်းပိုင်းကစပြီး မွန်ပြည်နယ်ရဲ့ ဘီးလင်း၊ ကျိုက်ထို၊ ကျိုက်မရောမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး လူဦးရေသောင်းနဲ့ချီ ရေဘေးဒုက္ခကြုံခဲ့ရတာပါ။

ရေကြီးမှုဒဏ်ကို ဘီးလင်းမြို့နယ်က အဆိုးဝါးဆုံးခံစားခဲ့ရတာဖြစ်ပြီး မြို့ပေါ်ရပ်ကွက်နဲ့ ရေအနိမ့်ပိုင်း ရပ်ကွက်တွေက အိမ်ထောင်စု ၂,၀၀၀ နီးပါး ၊ လူဦးရေ ၁၀,၀၀၀ ကျော်ကို ယာယီကယ်ဆယ်ရေးစခန်း ၂၇ ခုထံ ပြောင်းရွှေ့ခဲ့ရပါတယ်။

ရေကြီးမှုကြောင့် ဘီးလင်းမြို့နယ်ထဲမှာ လယ်ဧက ၃၀,၀၀၀ ကျော် ရေနစ်မြှုပ်ခဲ့တဲ့အတွက် စိုက်ခင်းတွေ ထိခိုက်ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့သလို ရပ်ကွက်၊ ကျေးရွာတချို့မှာလည်း တောင်မြေပြိုတာ၊ လမ်းပိုင်းတချို့နဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ သဘာဝဘေးဖြစ်စဉ်ရဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ စစ်ကောင်စီဘက် ကူညီဆောင်ရွက်ပေးတာ မရှိတာကြောင့် ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ပြန်လည်နေရာချထားရေးအတွက်ကတော့ ကျွန်တော်တို့ ဒီပရဟိတကပဲ တာဝန်ယူပြီးတော့ ပြန်လုပ်ပေးတယ်။ အစိုးရကသိပ်ပြီးတော့ ဘာမှထောက်ပံ့မှုမရှိဘူး။ ပရဟိတအသင်းတွေပဲ တစ်သင်းနဲ့တစ်သင်း ညှိပြီးတော့ အကူအညီတောင်းပြီးတော့ ကူညီဆောင်ရွက်ရတယ်။ အခု မြို့နယ်က ထောက်ပံ့တာတော့ရှိတယ်။ ပြည်နယ်က ထောက်ပံ့တာတော့မရှိဘူး။ မြို့နယ်က ထောက်ပံ့တယ်ဆိုတာက လုပ်ငန်းရှင်တွေဆီက အလှူခံပြီးတော့ ဆန်ကိုတစ်ယောက် တစ်ပြည်နှုန်းတို့၊ နှစ်ပြည်နှုန်းတို့ အဲဒါလေးတွေ (၃)ကြိမ်၊(၄)ကြိမ်လောက်တော့ ဝေပေးတယ်။ ကျန်တာကတော့ ကျွန်တော်တို့ ပရဟိတအဖွဲ့တွေပဲ လုပ်ရတာများပါတယ်။ အခုကတော့ နည်းနည်းဘယ်လိုပြောမလဲ အလိုက်သင့်လောက်ပဲ ရှိတယ်။ တော်ယုံတန်ယုံတော့ ဘာမှမရှိပါဘူး”လို့ ဆိုပါတယ်။

ရေကြီးမှုကို စစ်ကောင်စီခန့် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ဦးဆောင်တဲ့အဖွဲ့က ကယ်ဆယ်ရေးစခန်းတချို့ထံသွားရောက်ပြီး စားသောက်စရာတချို့ကို ဟန်ပြလောက်သာ ကူညီပေးခဲ့ပေမယ့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်မှာတော့ ကူညီတာမရှိဘူးလို့ ရေဘေးသင့်ပြည်သူတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။

ရေဘေးသင့်ပြည်သူတွေဟာ စစ်ကောင်စီလက်ထက် အခြေခံစားသောက်ကုန်တွေအပါအဝင် ကုန်ပစ္စည်းတွေ အဆမတန်မြင့်တက်နေတဲ့အတွက် ပြန်လည်ထူထောင်နိုင်ဖို့ အခက်ကြုံနေရသလို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ လိုအပ်လျက်ရှိပါတယ်။

ရေဘေးသင့်ခဲ့တဲ့ ပြည်သူတစ်ဦးကတော့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာ စစ်ကောင်စီရဲ့ အကူအညီတွေကို မမျှော်လင့်ထားကြောင်းနဲ့ အခက်အခဲတွေ ရှိနေပေမယ့် အချင်းချင်းအပြန်အလှန် ကူညီနေကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ပြန်လည်ထူထောင်ရေးကတော့ ဘာမှမလာဘူး။ အစိုးရအဖွဲ့က လာပေးတာတော့ အခုထိတော့ မရှိသေးဘူး၊ ကျွန်တော်တို့ဘက်မှာ ပြီးသွားတဲ့ကိစ္စမှာဆိုရင်တော့ ကိုယ့်ဘာသာကိုယ်ပဲလုပ်ရတာပဲ။ အစိုးရက လာထောက်ပံ့တာတော့ ကျွန်တော်မမြင်မိဘူးလေ။ အခုအခြေအနေက ဘယ်လိုမျိုးဖြစ်နေလဲဆိုတော့ အစိုးရနဲ့ ပြည်သူကြားမှာ နည်းနည်းမစည်းလုံးတဲ့ ပုံစံကတော့ နေရာတိုင်းမှာရှိတယ်ပေါ့လေ။ အဲဒီလိုမျိုးအခက်အခဲဆိုတာက သူတို့လည်း အများကြီးမကူညီပေးနိုင်ဘူး။ ဒီဘက်ကလည်း ပြည်သူတွေကလည်း အများကြီး မမျှော်လင့်ရဲဘူးလေ။ သူတို့ကို အများကြီးအားမပေးရဲဘူး၊ အဲဒီလိုမျိုးပုံစံတော့ ရှိတာပေါ့လေ”လို့ ဆိုပါတယ်။

ရေကြီးနစ်မှုကြောင့် ပျက်စီးသွားတဲ့ မိုးစပါးခင်းတွေကလည်း ကုန်ကျစရိတ်ကြီးမြင့်နေတာကြောင့် ပြန်လည်စိုက်ပျိုးဖို့ အခက်ကြုံနေသလို စစ်ကောင်စီဘက်ကလည်း လက်ရှိအချိန်အထိ မျိုးစပါးပင် ထောက်ပံ့ပေးတာ မရှိသေးဘူးလို့ တောင်သူလယ်သမားတွေက ပြောဆိုပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ မေလတုန်းကလည်း မြန်မာနိုင်ငံကို မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် ရခိုင်ပြည်နယ်အပါဝင် တိုင်းနဲ့ပြည်နယ် ၇ ခုမှာ လူဦးရေ သိန်းနဲ့ချီ မုန်တိုင်းဒဏ်သင့်ခဲ့ပေမယ့် ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေကို ထိထိရောက်ရောက် ကူညီဆောင်ရွက်ပေးခဲ့တာ မရှိပါဘူး။

အဆိုးဆုံးအနေနဲ့ မုန်တိုင်းသင့်ဒေသတွေထံ အကူအညီပေးနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ လူမှုရေးအဖွဲ့အစည်းတွေကို စစ်ကောင်စီရဲ့ ခရီးသွားလာခွင့် ပိတ်ပင်မှုကြောင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ ပိုမိုခက်ခဲစေခဲ့တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး UNOCHA က ထုတ်ဖော်ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ- မောရဝတီ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.