မြဝတီ၊ သြဂုတ်(၁၆)

ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့အတွက် စစ်ကောင်စီတပ်က ဝေဟင်အပြင်မြေပြင်ကပါ အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတဲ့အတွက် ဩဂုတ် ၁၅ ရက်နေ့ မနက်ပိုင်းကစပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။

စစ်ကောင်စီနဲ့ BGF တပ်တို့ဟာ မြဝတီမြို့အနီးရှိ လက်ခတ်တောင်တာဝါတိုင်စခန်းကို လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ အသုံးပြုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်း စစ်ကောင်စီ BGF ဘက်က ထိခိုက်သေဆုံးမှုများပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ထိခိုက်မှုတချို့ရှိတယ်လို့ ကနဦးကြားသိရပေမယ့် နှစ်ဖက်တိုက်ပွဲအခြေအနေကို သံလွင်တိုင်းမ်အနေနဲ့ အတည်ပြုနိုင်ဖို့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ကောင်စီအတွက် စစ်ရေးဗျူဟာအရ အရေးပါတဲ့ KNU တပ်မဟာ(၆)နယ်မြေ မြဝတီမြို့အနီးရှိ လက်ခတ်တောင် တာဝါတိုင်စခန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်နေ့မှာ KNLA ကော်ဘရာစစ်ကြောင်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို KNLA ပူးပေါင်းတပ်ဖွဲ့တွေက သိမ်းပိုက်စိုးမိုးထားပြီးနောက်ပိုင်းစစ်ကောင်စီတပ် BGF တပ်တို့ဘက်က အဲဒီစခန်းကုန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့အတွက် အင်အားအများအပြားနဲ့ လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူတွေ အသုံးပြုတိုက်ခိုက်ခဲ့ရာ ဩဂုတ် ၁၃ ရက်နေ့အထိ တိုက်ပွဲအကြိမ်ရေ ၁၀ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်ရယူနိုင်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီ BGF တပ်နဲ့ KNLA ပူးပေါင်းတပ်တို့အကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က ဗိုလ်ကြီး ၂ ဦးအပါအဝင် စုစုပေါင်း ၁၇ ဦး သေဆုံးပြီး ဒဏ်ရာရရှိသူ ၃၄ ဦး ရှိခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဘက်က ရဲဘော် ၁ ဦး ကျဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဩဂုတ် ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

လက်ခတ်တောင် တာဝါတိုင်စခန်းကို ပြန်လည်သိမ်းပိုက်ဖို့ကြိုးစားနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဘက်က ဒုတပ်ကြပ်တစ်ဦးနဲ့ တပ်သားတစ်ဦးတို့ဟာ KNLA ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ အလင်းဝင်ရောက်လာခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.