မနီလာ၊ သြဂုတ်(၁၇)
ဖိလစ်ပိုင်နိုင်ငံဟာ ဩဂုတ်လ (၁၅) ရက်နေ့မှာ ထုတ်ပြန်တဲ့ခြောက်နှစ်ကြာ အမျိုးသားလုံခြုံရေး မူဝါဒအရ လွတ်လပ်တဲ့ နိုင်ငံခြားရေးမူဝါဒကို လိုက်နာကာ မဟာမိတ်တွေနဲ့ဆက်ဆံရေးကို ခိုင်မာစေဖို့လိုအပ်နေတယ် လို့ သိရပါတယ်။
ဒါ့အပြင် နိုင်ငံအနေနဲ့လည်း ခြိမ်းခြောက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်း မြှင့်တင်ဖို့ ကြိုးပမ်းနေတာပါ။
သမ္မ တဖာဒီနန်မားကို့စ်ဂျူနီယာက မကြာသေးမီက အတည်ပြုခဲ့တဲ့စာမျက်နှာ (၄၈) မျက်နှာပါ အမျိုးသားလုံခြုံရေး မူဝါဒ စာတမ်းမှာ “အမေရိကန်နှင့် တရုတ်ကြား မဟာဗျူဟာပြိုင်ဆိုင်ခြင်း သိသာမှု” နဲ့ ပိုမိုတင်းမာတဲ့ ပထဝီဝင်နိုင်ငံရေး အခင်းအကျင်းကို ပံ့ပိုးပေးတဲ့အနေနဲ့ အင်အားကြီး နိုင်ငံများအကြား ပြိုင်ဆိုင်မှုတွေ တိုးမြင့်လာမှုကိုအလေး ပေးဖော်ပြထားတာဖြစ်ပါတယ်။
ထိုင်ဝမ်ရေလက်ကြားကို ရည်ညွှန်းကာ ဒေသတွင်း မီးမောင်းထိုးပြတဲ့အလားအလာရှိတဲ့ ရေလက်ကြားဖြတ် ကျော် ဆက်ဆံရေးမှာလည်း အဓိက စိုးရိမ်စရာတွေ တွေ့ရပါကြောင်း စာတမ်းထဲမှာ အစိုးရက ပြောကြား ခဲ့ပါတယ်။
“ဖိလစ်ပိုင်ရဲ့ စီးပွားရေး တည်ငြိမ်မှု၊ ဒုက္ခသည်တွေဝင်လာနိုင်တဲ့အလားအလာနှင့် နိုင်ငံရပ်ခြား လူဦးရေရဲ့ သက်သာချောင်ချိရေး အတွက် စိုးရိမ်မိပါတယ်” လို့ ပြောဆိုခဲ့တာပါ။
ပေကျင်းအစိုးရဟာသူ့ရဲ့ အချုပ်အခြာအာဏာကို ဖိအားပေးဖို့အတွက် ထိုင်ဝမ်ကျွန်းအပြင် ဘက်ရှိ ရေပြင်မှာ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။
အမေရိကန်နဲ့ဂျပန်တို့လို မဟာမိတ်တွေကလည်း ထိုင်ဝမ် အပေါ် အဲဒီလိုဖိအားပေးမှုတွေကို ဝေဖန်ခဲ့ကြပါတယ်။
“ထိုင်ဝမ်ရေလက်ကြားရှိ စစ်ရေးပဋိပက္ခမှန်သမျှဟာ ပထဝီဝင်အနေအထားအရ ထိုင်ဝမ်နဲ့ ဖိလစ်ပိုင်ကျွန်းစုက ဖိလစ်ပိုင်နိုင်ငံသား (၁၅၀၀၀၀) ကျော် ရှိနေခြင်းကြောင့် မလွဲမသွေ ထိခိုက်စေလိမ့်မယ်” လို့ အစိုးရက စာတမ်းမှာ ထည့်သွင်းဖော်ပြထားပါတယ်။
ဖိလစ်ပိုင်နိုင်ငံရဲ့ မြောက်ဘက်စွန်း ကျွန်းတွေဟာ ထိုင်ဝမ်နဲ့ ကီလိုမီတာ ၁၉၀ (၁၁၈ မိုင်) ကွာဝေးတာ ဖြစ်ပါတယ်။
အဲဒီစီမံချက်မှာတော့ အစိုးရရဲ့ စားနပ်ရိက္ခာနဲ့ စွမ်းအင်ဖူလုံရေး ဦးစားပေးကိစ္စရပ်တွေကိုလည်း အကျုံးဝင်ပြီး တောင်တရုတ်ပင်လယ်ဟာ အဓိကထားတဲ့ အမျိုးသားအကျိုးစီးပွား ဖြစ်နေဆဲ ဖြစ်ကြောင်း မှတ်ချက်ပြုခဲ့ ပါတယ်။
ဖိလစ်ပိုင်ဟာ အစဉ်အလာအရ မဟာမိတ်ဖြစ်တဲ့ အမေရိကန်ထံသို့ ပြန်လှည့်လာတာကြောင့် မားကို့စ်လက်ထက်မှာ တရုတ်နဲ့ဆက်ဆံရေး တင်းမာလာခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံအနေနဲ့လည်း ယုံကြည်ရလောက်တဲ့ ကာကွယ်ရေးစွမ်းရည်ကိုရရှိနိုင်ဖို့ ဒေသတွင်း မိတ်ဖက် တွေနဲ့ အခြားသော တည်ဆဲယန္တရားတွေနဲ့အတူ အမေရိကန်နဲ့အပြန်အလှန် ကာကွယ် ရေး သဘောတူစာချုပ်ကို ခိုင်မာစေမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Ref: Reuters