ကျိုက်ထို၊ သြဂုတ်(၁၆)
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာ ရန်ကုန်-မော်လမြိုင်ကားလမ်းမပေါ်မှာ သြဂုတ် ၁၅ ရက်နေ့ မနက် ၁၀ နာရီအချိန်လောက်မှာ စစ်ကောင်စီရိက္ခာယာဉ်တန်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ သထုံခရိုင် PDF တာဝန်ခံ ကိုအေးမင်းထွန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ကျိုက်ထိုမြို့နယ်ကနေ ဘီးလင်းမြို့နယ် မောင်းဝင်လာတဲ့ ကား ၅ စီးပါ စစ်ကောင်စီ ရိက္ခာယာဉ်တန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ကြားဖြတ်တိုက်ခိုက်မှုကြောင့် စစ်ကား ၂ စီး ထိခိုက်ပျက်စီးမှု ရှိနေသလို ကားပေါ်ပါလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။
တိုက်ခိုက်ခံရပြီးနောက် မောင်းပြေးသွားတဲ့ စစ်ကောင်စီယာဉ်တန်းဟာ ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးပတ်ဝန်းကျင်တွေကို သေနတ်နဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ဆောင်သွားတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
စစ်တပ်လော်ဘီတယ်လီဂရမ် ချန်နယ်တွေမှာတော့ စစ်ကောင်စီယာဉ်တန်း ကြားဖြတ်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့တချို့ ထိခိုက်ဒဏ်ရာရတာ ရှိနေတယ်လို့ ရေးသားဖော်ပြတာတွေ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင် ၂၈ ရက်နေ့ကလည်း ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ စစ်တောင်းတံတားလမ်းဆုံ စစ်ဆေးရေးဂိတ်ကို KNLA ပူးပေါင်းတပ်ဖွဲ့က သွားရောက် တိုက်ခိုက်ခဲ့သလို အဲဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက်ထိခိုက်သေဆုံးတာတွေ ရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media