စစ်တွေ – ဩဂုတ်(၁၅)

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ ရခိုင်အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်တဲ့ ဒေါ်ညိုအေးဆိုသူ အပါအဝင် အရပ်သား(၅) ဦးကို စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ် လို့မိသားစုဝင်တွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဒီနေ့ နေ့လည်ပိုင်းက ဒေါ်ညိုအေးရဲ့ နေအိမ်ကို ရဲနဲ့အရပ်ဝတ်တွေရောက်ရှိလာပြီး မေးမြန်းစရာရှိတယ်လို့ဆိုကာ ခေါ်ဆောင်သွားပြီးနောက် ဖမ်းဆီးခဲ့တာပါ။

“ကျွန်မတို့အမေက အသက် ၆၇နှစ် ရှိပါပြီ သွေးတိုးရော ဆီးချိုရောရှိပါတယ်။ သူထမင်းမစားခင် မေးစရာရှိလို့ဆိုပြီး ရဲနဲ့ အရပ်ဝတ်တွေကလာခေါ်သွားခဲ့တာ။ အခုကျွန်မတို့လိုက် သွားတော့ သူ့ကိုရမန်ယူပြီး ထောင်ထဲကိုထည့်လိုက်ကြပြီ။ သူအတွက် ဆေးနဲ့အစားအစာကိုတောင်မနည်း ထည့်ပေးခဲ့ရတယ်။ ဒါဟာ တော်တော်လေးဆိုးရွားတဲ့ကိစ္စပါ” လို့ ဒေါ်ညိုအေးရဲ့ သမီးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

စစ်ကောင်စီက ဒေါ်ညိုအေးအပါအဝင် အရပ်သားတွေကို ဖမ်းဆီးခဲ့တာဟာ ဩဂုတ်လ(၁၃) ရက်နေ့က ပြုလုပ်ခဲ့တဲ့ ရခိုင်ပြည်နယ် ဆန်ပြဿနာနေ့အထိမ်းအမှတ်ပွဲကြောင့် ဖြစ်တယ်လို့ သုံးသပ်တာတွေရှိနေပါတယ်။

လက်ရှိအချိန်မှာတော့ ဒေါ်ညိုအေးအပါအဝင် ဖမ်းဆီးခံထားရသူ (၅) ဦးကို ပုဒ်မ ၅၀၅(ခ) နဲ့ အမှုဖွင့်ထားတယ်လို့ စစ်တွေရဲစခန်းနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (ခ) ဟာ ထောင်ဒဏ်နှစ်နှစ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့ ပုဒ်မဖြစ်တယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးလှုပ်ရှားသူနဲ့ ဒီမိုကရေစီ အရေးလှုပ်ရှားသူ (၂၅၀၀၀) နီးပါးဖမ်းဆီးထိန်းသိမ်းခံထားရတယ်လို့ AAPP ကဖော်ပြထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.