လောင်းလုံး၊ သြဂုတ်(၁၂)

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်ထဲမှာ စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်ခံရတာကြောင့် စစ်ကောင်စီဘက်က ဗိုလ်တစ်ဦးအပါအဝင် ၂ ဦး သေဆုံးခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF က သြဂုတ် ၁၁ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ် ၈ ရက်နေ့က ကျရောက်တဲ့ ရှစ်လေးလုံး အထိမ်းအမှတ်နေ့မှာ ကျောက်နီမော်ကျေးရွာကနေ ကျောက်ဝပ်ပြင်ကျေးရွာသို့ ကားတစ်စီး၊ ဆိုင်ကယ်တစ်စီးနဲ့လာတဲ့ တပ်အင်အား ၁၀ နီးပါး စစ်ကောင်စီ၊ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့ကို LLPDF က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။

ကြားဖြတ်တိုက်ခိုက်မှုကြောင့် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှု မိနစ် ၂၀ နီးပါးအကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဗိုလ်တစ်ဦး၊ ပြည်သူ့စစ်တစ်ဦးသေဆုံးပြီး ၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ LLPDF တာ ဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

သေဆုံးသွားတဲ့ စစ်ဗိုလ်ဟာ လောင်းလုံးမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း အမှတ် (၄၁၀) တပ်ရင်းက ဗိုလ်ဝေမင်းသူဖြစ်တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ LLPDF ရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

သေဆုံးသွားတဲ့ စစ်ဗိုလ်ဝေမင်းသူနဲ့ ပြည်သူ့စစ်အဖွဲ့ ကိုစုကမ်းတို့ ၂ ဦးကို ကျောက်နီမောသုသာန်မှာ မီးသဂြိုလ်ခဲ့ပြီး ဒဏ်ရာရရှိခဲ့တဲ့ ပြည်သူ့စစ်ခေါင်းဆောင်အပါအဝင် ၃ ဦးဟာ ဆေးကုသမှု ခံနေရတယ်လို့ ဆိုပါတယ်။

အဲဒီဖြစ်စဉ်ပြီးနောက် တပ်အင်အား ၅၀ ကျော်ပါတဲ့ စစ်ကောင်စီတပ်ဟာ ကျောက်နီမော်ကျေးရွာထဲမှာ ဝင်ရောက်တပ်စွဲထားတဲ့အတွက် ပြည်သူတွေအနေနဲ့ မလိုအပ်ဘဲ ခရီးသွားလာတာတွေ မလုပ်ကြဖို့ LLPDF က မေတ္တာရပ်ခံထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-LLPDF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.