ပုလော၊ သြဂုတ်(၁၂)

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေမှာ စစ်ကောင်စီတပ်က ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ သြဂုတ်လဆန်းပိုင်းကစပြီး မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်တွေမှာ လုံခြုံရေးတိုးမြှင့်ပြီး ခရီးသွားပြည်သူတွေကို အသေးစိတ် ရှာဖွေစစ်ဆေးတာတွေ လုပ်ဆောင်နေတာပါ။

အဲဒီလိုစစ်ဆေးရေးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ခရီးသွားပြည်သူထံကနေ ဖုန်းအပြင်ပါလာသမျှ ပစ္စည်းတွေကိုလည်း စစ်ဆေးနေပြီး မထင်ရင်မထင်သလို သိမ်းဆည်းတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ကုန်ပစ္စည်းတင်ဆောင်လာတဲ့ မော်တော်ယာဉ်တွေကို ပိုက်စိပ်တိုက် စစ်ဆေးနေတာတွေရှိနေသလို သူတို့တောင်းခံတဲ့ ငွေကြေးမပေးပါကလည်း ပစ္စည်းသိမ်း လူဖမ်းတာတွေပါ လုပ်ဆောင်နေပါတယ်။

ပုလောမြို့နယ်မှာ စစ်ကောင်စီ နန်းတောင်စစ်ဆေးရေးဂိတ်၊ အမှတ် ၅ စစ်ဆေးရေးဂိတ်၊ မကျီးတောစစ်ဆေးရေးဂိတ်တွေဟာ စစ်ဆေးမှုအဆိုးဆုံးဖြစ်ပြီး ငွေအတောင်းကြမ်းဆုံး စစ်ဆေးရေးဂိတ်တွေလည်းဖြစ်တယ်လို့ ခရီးသွားတွေက ဆိုကြပါတယ်။

ပုလောမြို့အတွင်း လုံခြုံရေးတင်းကျပ်ထားတဲ့ စစ်ကောင်စီတပ်ဟာ ညပိုင်းအချိန်တွေမှာလည်း တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကျေးရွာတွေကို နေ့စဉ်တိုင်း လက်နက်ကြီးပစ်ခတ်မှုတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။

စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ပုလောမြို့နယ်ဟာ တော်လှန်ရေးအင်အားစုတွေရဲ့ ခုခံတော်လှန်မှုကြောင့် မြို့ပေါ်နဲ့ ရပ်ကွက်တချို့ကိုသာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တဲ့ မြို့နယ်တစ်ခုဖြစ်ပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.