မော်လမြိုင်၊ သြဂုတ်(၁၂)

စစ်ကောင်စီရဲ့စီမံခန့်ခွဲမှု အမှားတွေကြောင့် မြန်မာငွေတန်းဖို ဆက်တိုက်ကျဆင်းလာပြီးနောက် ထိုင်းဘတ်ငွေဈေးနှုန်း စံချိန်တင်မြင့်တက်လာတယ်လို့ နယ်စပ်ကုန်သည်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ထိုင်းဘတ်ငွေဈေးနှုန်းဟာ စစ်ကောင်စီရဲ့ ကျပ် ၂၀,၀၀၀ တန် ငွေစက္ကူထုတ်ဝေမှုကြောင့် တစ်ဘတ်ကို ကျပ် ၈၀ ကနေ ၉၀ အထိ မြင့်တက်ခဲ့ရာကနေ သြဂုတ် ၁၁ ရက်နေ့မှာတော့ တစ်ဘတ်ကို ကျပ် ၁၁၀ အထိ စံချိန်တင်ဈေးနှုန်းမြင့်တက်လာတာ ဖြစ်ပါတယ်။

ထိုင်းငွေဈေး စံချိန်တင်မြင့်တက်လာပြီးနောက် ငွေလဲလုပ်ငန်းအများစု ရပ်နားထားပြီး ဈေးနှုန်းအတက်အကျကို စောင့်ကြည့်နေကြတယ်လို့ ငွေလဲလုပ်ငန်းလုပ်ကိုင်သူတွေထံကနေ သိရပါတယ်။

နယ်စပ်ကုန်သည်တစ်ဦးကတော့ ထိုင်းဘတ်ငွေဈေးဟာ စစ်ကောင်စီနဲ့နီးစပ်တဲ့ လုပ်ငန်းရှင်တွေက တရားမဝင် လောင်းကစားရုံတွေကနေတဆင့် ဘတ်ငွေတွေကို အများအပြားဝယ်ယူကာ ဈေးကွက်အတွင်း ဈေးနှုန်းဆွဲတင် ရောင်းချတာကြောင့် ဈေးနှုန်းမြင့်တက်လာတာလို့ ပြောပါတယ်။

“ဘတ်တွေကိုကွာ နယ်စပ်မှာအများကြီး ဝယ်ကိုင်ကစားတဲ့သူတွေ အများကြီးဘဲ၊ နစကနဲ့ရင်းနှီးတဲ့ လုပ်ငန်းရှင်တွေကြီးပဲ၊ မြဝတီမှာရှိတဲ့ လုပ်ငန်းရှင်တွေ အကြီးကြီးပဲကစားနေတာ။ မြဝတီကုန်သည်ကြီးများအသင်းဆိုတာတွေက သူတို့ကိုယ်တိုင် ကစားနေတာကွာ။ လောင်းကစားရုံတွေကနေပြီးတော့ ထွက်လာတဲ့ ပိုက်ဆံတွေ ငွေပိုငွေလျှံတွေကို အစိုးရကမထိန်းနိုင်တဲ့ ပြဿနာဖြစ်နေတာ။ လူတွေက ကစားစရာမရှိတော့ဘူး၊ အမြတ်မရှိတော့ဘူး။ ဆိုလိုတဲ့အဓိပ္ပာယ်က နေ့စဉ်မြတ်အောင် ဘာလုပ်မလဲသိလား၊ ဘတ်ကို (၉၆) ကျပ်လောက်နဲ့ ဘတ်သန်း (၁၀၀) ဝယ်ထားလိုက်တယ်၊ ဒီလူတစ်ယောက်က လောင်းကစားရုံကနေပြီးတော့၊ တစ်ရက်ထဲမှာဘဲနော်။နောက်နေ့ကျရင် ဘတ်ဈေးကို ဆွဲတင်ပြီးတော့ အဲဒီသန်း(၁၀၀)ကို ထုတ်ရောင်းတယ် နယ်စပ်မှာ၊ သူ(၁၁၀)နဲ့ ထုတ်ရောင်းတယ်၊ အဲဒီလို အများကြီးကိုင်ပြီးတော့ ထုတ်ရောင်းတဲ့သူတွေကို ထိန်းနိုင်ဖို့လိုတာ၊ လုပ်ငန်းရှင်တွေကနေပြီးတော့မှ ဘတ်ကိုကိုင်ပြီးတော့မှ ဈေးကြီးကြီးနဲ့ ရောင်းနေတာကွာ၊ တစ်ရက်ထဲနဲ့ (၁၀၀) ရင်းလို့ရှိရင် (၁၀)သိန်း ချက် ချင်းမြတ်အောင် သူတို့ကလုပ်နေတာ။ ဒီလိုလုပ်ငန်းရှင်တွေကို အစိုးရက မထိန်းနိုင်ဘူး ဖြစ်နေတာ၊ သိသိကြီးနဲ့ မဖမ်းတာပေါ့ကွာ ပိုက်ဆံယူထားပြီးတော့ ဒဲ့ပေါ့”လို့ ဆိုပါတယ်။

ထိုင်းဘတ်ငွေဈေးနှုန်း အဆမတန်မြင့်တက်လာပေမယ့် စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ထိန်း သိမ်းဆောင်ရွက်တာနဲ့ အရေးယူမှုမရှိသေးတဲ့အတွက် ဘတ်ငွေဈေးနှုန်းထပ်ပြီး အတက်ကြမ်းလာနိုင်တယ်လို့ သူကဆက်ပြောပါတယ်။

ထိုင်ဘတ်ငွေဈေးဂယက်ကြောင့် ထိုင်းနိုင်ငံထုတ် အခြေခံကုန်ပစ္စည်းတွေဟာ ပစ္စည်းအမျိုးအစားအပေါ် မူတည်ပြီး တစ်မျိုးကို ကျပ် ၅၀၀၀ ကနေ ကျပ် ၁၀၀၀၀ ကျော်အထိ ဈေးနှုန်းခုန်တက်လာတာ ဖြစ်ပါတယ်။

ထိုင်ဘတ်ငွေဈေးနှုန်းနဲ့အတူ ပြည်တွင်းရွှေဈေးကွက်မှာလည်း မီးလင်းအခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၃၇ သိန်းကျော်၊ အမေရိကန်ဒေါ်လာကလည်း တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ကျော်အထိ ဈေးနှုန်း မြင့်တက်နေတာပါ။

တဖက်မှာတော့ စစ်ကောင်စီဟာ နိုင်ငံခြားငွေ သုံးစွဲမှုတွေကို စောင့်ကြည့်ဖို့အတွက်ဆိုပြီး စစ်ဗိုလ်ချုပ်ကြီးတွေ ဦးဆောင်တဲ့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ပြီးခဲ့တဲ့ ဇူလိုင် ၅ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပါတယ်။

အဲဒီကော်မတီကိုတော့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရသူဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး ဗဟိုဘဏ်ဥက္ကဋ္ဌ အပါအဝင် ကော်မတီဝင် ၆ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.