ရန်ကုန်၊ သြဂုတ်(၁၂)

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်ဟာ ပိုပြီးတရားမျှတမှုမရှိတဲ့ တရားစီရင်ရေးစနစ်ကို နောက်ပြန်ဆုတ်သွားပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ ဝါရင့်တရားလွှတ်တော် ရှေ့နေတွေက ဝေဖန်လိုက်ပါတယ်။

AAPP ရဲ့ ဩဂုတ် ၇ ရက်နေ့မှာ ထုတ်ပြန်တဲ့ “မင်းမဲ့တိုင်းပြည်” အစီရင်ခံစာမှာ တရားစီရင်ရေးစနစ်ကို စစ်တပ်က လုံးလုံးလျားလျား ချုပ်ကိုင်ထားပြီး နိုင်ငံရေးအကျဉ်းသားတွေအပေါ် တရားမျှတမှုမရှိတဲ့ တရားစီရင်မှုတွေနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေ ဆက်တိုက်ဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

ဝါရင့်တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တရားစီရင်ရေးဟာ လုံးဝဖြောင့်မှန်ခြင်း မရှိတော့ဘဲ မတန်တဆပြစ်မှုတွေကို ခုခံချေပခွင့် လုံလုံလောက်လောက်မရဘဲ အမြင့်ဆုံးပြစ်ဒဏ်တွေ ချမှတ်ခံနေရတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရားစီရင်ရေးဆိုတာကတော့ လုံးဝဖြောင့်မှန်ခြင်း မရှိတော့ဘူး။ သူတို့မထင်ရင်မထင်သလို မတန်တဆပြစ်မှုတွေကို ခုခံချေပခွင့် လုံလုံလောက်လောက် မရဘဲနဲ့ ပြစ်ဒဏ်တွေကို အမြင့်ဆုံးပြစ်ဒဏ်တွေ ချနေတယ်။ အဲဒီလိုမြင်ရင် AAPP ရဲ့ ထုတ်ပြန်ချက်က အမှန်ပဲ။ ဒါကြောင့်မို့ ဒီဟာနဲ့ပတ်သက်လို့ ဆရာတို့က ကန့်ကွက်တယ်။ ဦးထွန်းထွန်းဦးရှိတုန်းကလည်း ဦးထွန်းထွန်းဦးမို့လို့ သူကလည်း စစ်ဗိုလ်ပဲ။ သူ့လက်ထက်မှာ ဘာမှတိုးတက်မှုမရှိဘူး။ အခုဦးသာဌေးကလည်း ဗိုလ်ချုပ်ပဲ၊ တအားတိုးတက်မှု ရှိမှာမဟုတ်ဘူးလို့ ဆရာတို့က ဒီလိုတွေ့ရတယ်”လို့ သူက ပြောပါတယ်။

ဒီမိုကရေစီအစိုးရနှစ်ဆက်နဲ့ အာဏာသိမ်းနှစ်နှစ်ခွဲအထိ ပြည်ထောင်စုတရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးထွန်းထွန်းဦးကို စစ်ကောင်စီက အရေးပေါ်သက်တမ်းထပ်တိုးယူပြီးနောက် ဩဂုတ် ၂ ရက်နေ့မှာ ကျန်းမာရေးအရဆိုပြီး တာဝန်ကနေ ထုတ်ပယ်ခဲ့တာပါ။

စစ်ကောင်စီလက်ထက် တရားရင်ဆိုင်ရေးမှာတော့ နိုင်ငံရေးပြစ်မှုတစ်ခုခုနဲ့ ဖမ်းဆီးခံရသူကို စစ်ကြောရေးပြီးနောက် နိုင်ငံရေးအကျဉ်းသားကို ပထမဆုံးဖမ်းဆီးထိန်းသိမ်းခံရတဲ့ မြို့နယ်ရဲစခန်းကို ပို့ဆောင်တာရှိသလို အချို့အမှုတွေမှာတော့ အကျဉ်းထောင်ကို တိုက်ရိုက်ပို့ဆောင်တာပါ။

အဲဒီနောက်မှာတော့ ရဲတပ်ဖွဲ့က တရားစွဲဆိုရေးကို စတင်ဆောင်ရွက်ပြီး တကယ့်တရားရုံးလုပ်ငန်းစဉ်တွေကို ခရိုင်တရားရုံးတွေမှာမဟုတ်ဘဲ အကျဉ်းထောင်တွေအတွင်း ယာယီပြုလုပ်ထားတဲ့ အထူးတရားရုံးတွေမှာ စစ်ဆေးကြားနာနေတာလို့ ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေက ဆိုကြပါတယ်။

နိုင်ငံရေးပြစ်မှုတွေကို ဥပဒေကြောင်းအရ အမှုလိုက်ပေးနေတဲ့ ဝါရင့်တရားလွှတ်တော် ရှေ့နေတစ်ဦးကလည်း စစ်ကောင်စီလက်ထက်မှာ တရားစီရင်ရေးစနစ် ပျက်စီးလာသလို တရားဥပဒေစိုးမိုးမှု အား နည်းသွားပြီလို့ ထောက်ပြပါတယ်။

“လက်သမားဘယ်လောက်ပဲ တော်တော် သစ်တွေ၊ ဝါးတွေ မကောင်းရင် အိမ်ကောင်းကောင်းမရနိုင်ဘူး။ အဲဒီလိုပဲ ရှေ့နေဘယ်လောက်ပဲကောင်းကောင်း တရားဥပဒေစိုးမိုးမှုရှိသလောက်ပဲ အမှန်တရားကိုရအောင် ကျွန်တော်တို့ ရှာဖွေလို့ရမယ်။ တရားဥပဒေစိုးမိုးမှုအတိုင်းအတာက ခင်ဗျားတို့ကလည်း သိနေတာပဲဗျာ။ အဲဒီတော့ တရားဥပဒေစိုးမိုးမှုရှိသလောက်ပဲ ကျွန်တော်တို့က အမှန်တရားဖော်ထုတ်လို့ရမယ်။ ရှိတာနည်းတာများတာတော့ ရသလောက် အမှန်တရားဘက်တော့ ဝေးနေမှာပဲ”လို့ သူက ဆိုပါတယ်။

စစ်အုပ်ချုပ်ရေးကြေညာခံရတဲ့ မြို့နယ်တွေမှာတော့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ခုံရုံးတွေမှာ တ ရားရင်ဆိုင်ရေးလုပ်ငန်းစဉ်အတွက် တိုက်ရိုက်ပို့ဆောင်ခံခဲ့ရပြီး ရှေ့နေရရှိဖို့ ငြင်းဆန်ခံခဲ့ရတာတွေလည်း ရှိနေတာပါ။

အကျဉ်းထောင်တွင်း အရပ်ဘက်အထူးတရားရုံးတွေမှာတော့ ဖမ်းဆီးထိန်းသိမ်းခံရသူတွေကို သူတို့အမှုအတွက် ကာကွယ်ဖို့ ရှေ့နေရရှိရေး ခွင့်ပြုပေမယ့် စစ်တပ်ကအပြည့်အဝထိန်းချုပ်ထားဆဲဖြစ်တဲ့အတွက် မျှတတဲ့တရားစီရင်ရေးမရရှိဘူးလို့ AAPP အစီရင်ခံစာက ထောက်ပြပါတယ်။

ဦးကြီးမြင့်ကတော့ စစ်ဘက်အရပ်ဘက် တရားသူကြီးတွေက တရားလိုဘက်က စွပ်စွဲချက်တွေကို အလေးအနက်ထားပေမယ့် တရားခံဘက်က ခုခံချေပချက်တွေကိုတော့ အလေးအနက်မထားဘဲ လုပ်ချင်ရာ လုပ်တာလို့ ပြောပါတယ်။

“သူတို့ တရားလိုက စွပ်စွဲတဲ့စွပ်စွဲချက်တွေကိုပဲ စစ်ဘက်တရားသူကြီးတွေ အရပ်ဘက်တရားသူကြီးတွေက အလေးအနက်ထားနားထောင်တယ်။ ကျန်တဲ့တရားခံဘက်က ခုခံချေပချက်တွေ သက်သေတွေအပေါ်မှာ အလေးအနက်မထားဘူး။ ဒေါ်အောင်ဆန်းစုကြည်တို့၊ ဦးဝင်းမြင့်အမှုမှာမို့လို့ ခုခံချေပချက်တွေကို နားထောင်သေးတာ။ ပြီးလည်းပြီးရော သူတို့လုပ်ချင်ရာ လုပ်တာပဲ။ ပိုဆိုးတာတော့ အောက်ရုံးတွေ၊ အလယ်ရုံးတွေမှာတော့ တရားရဲ့ ခုခံချေပချက်ကို နားမထောင်သလောက်ပဲ။ သူတို့လိုချင်တဲ့ တရားလိုဘက်က ထွက်ဆိုချက် ရဲကတင်ပြတဲ့ သက်သေတွေကို စစ်ပြီးပြီဆိုရင် အပြစ်ရှိလားမရှိလား မေးတာပဲ၊ အပြစ်ရှိတယ်ဆိုလို့ရှိရင် လျှော့ပေါ့စဉ်းစားမယ်။ အပြစ်မရှိဘူးဆိုရင် အမြင့်ဆုံးပြစ်ဒဏ်ချမယ်ဆိုပြီး ခြိမ်းခြောက်သေးတယ်။ ဒါမျိုးတွေလည်း ရှိတယ်”လို့ သူက ဆိုပါတယ်။

တစ်ဖက်မှာလည်း တစ်ကျော့ပြန်စစ်အာဏာသိမ်းယူပြီးနောက်ပိုင်း လူ့အခွင့်အရေးရှေ့နေတွေက နိုင်ငံရေးအကျဉ်းသားတွေနဲ့ သူတို့ရဲ့ မိသားစုတွေကို ဥပဒေအကူအညီနဲ့ ထောက်ခံပံ့ပိုးမှုတွေကြောင့် စစ်တပ်ရဲ့ ပစ်မှတ်ဖြစ်လာခဲ့ပါတယ်။

စစ်တပ်အနေနဲ့ ဘယ်နိုင်ငံရေးပြစ်မှုတွေမှာမဆို ဥပဒေရေးရာဝန်ဆောင်မှုပေးနေတဲ့ လူ့အခွင့်အရေးရှေ့နေတွေကို ဖမ်းဆီးခံရမယ်လို့ ခြိမ်းခြောက်အကျပ်ကိုင်တာတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ကတော့ စစ်ကောင်စီလက်ထက်မှာ နိုင်ငံရေးပြစ်မှုတွေကို လိုက်လံပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ၅၄ ဦး ထိန်းသိမ်းခံခဲ့ရပြီး အဲဒီထဲက ရှေ့နေ ၉ ဦး ထောင်ဒဏ်ချမှတ်ခံထားရတယ်လို့ ထုတ်ပြန်ထားပါတယ်။

သတင်း -သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.