မြဝတီ၊ သြဂုတ်(၁၂)

ကရင်ပြည်နယ် မြဝတီမြို့အနီးရှိ လက်ခတ်တောင်စခန်းကုန်းကို ပြန်လည်သိမ်းပိုက်ဖို့အတွက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီရဲ့ တပ်မ ၄၄ လက်အောက်ခံ တပ်ဖွဲ့ဝင် ၂ ဦးဟာ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ KNLA ပူးပေါင်းတပ်ဖွဲ့ထံ ဩဂုတ် ၈ ရက်နေ့မှာ လာရောက်ပူးပေါင်းခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။

စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံ ခရမ(၁၁၈) တပ်ရင်းက ဒုတပ်ကြပ် ဇော်မျိုးခိုင်နဲ့ တပ်သား အောင်မျိုးဇော်တို့ ၂ ဦးဟာ စစ်ကောင်စီတပ်ရဲ့ မတရားဖိနှိပ်အုပ်ချုပ်မှုစနစ်ကို မနှစ်သက်တဲ့အတွက် တော်လှန်ရေးပြီးဆုံးတဲ့အထိ အာဏာရှင်စနစ်ကို တွန်းလှန်တိုက်ထုတ် တိုက်ပွဲဝင်သွားဖို့ လာရောက်ပူးပေါင်းခဲ့တာလို့ ဆိုပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ထံ လာရောက်ပူးပေါင်းခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးဆီကနေ ၆၀ မမ ကွန် မန်ဒိုစိန် ပြောင်း ၁ လက်၊ ၆၀ မမ ကျည် ၅ လုံး၊ MA-2 ၁ လက်၊ ကျည်ဘောက် ၅ ဘောက်နဲ့ MA-2ကျည် ၁၅၀ တောင့်စတဲ့ လက်နက်ခဲယမ်းတွေ ပါဝင်ပါတယ်။

KNLA ပူးပေါင်းတပ်ဖွဲ့ထံ အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးကို ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက ၁ ဦးကို ထိုင်းဘတ်ငွေ ၅၀,၀၀၀ ဆုချီးမြှင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

စစ်ရေးဗျူဟာအရ အချက်အချာကျတဲ့ မြဝတီမြို့အနီး KNU တပ်မဟာ(၆)နယ်မြေရှိ စစ်ကောင်စီတပ်ရဲ့ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်းကို ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့မှာ တပ်မဟာ(၆) KNLA ပူးပေါင်းတပ်ဖွဲ့တွေက စတင်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဇူလိုင် ၂၁ ရက်နေ့မှာ စခန်းကို အပြီး သတ်ဝင်ရောက်သိမ်းပိုက်နိုင်ခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများပြားစွာနဲ့ ပြန်လည်ဆုတ်ခွာသွားခဲ့တာပါ။

လက်ခတ်တောင်စခန်းကုန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံကနေ လက်နက်ခဲယမ်းအမြောက်အများကို သိမ်းဆည်းရခဲ့ပြီး တိုက်ပွဲအတွင်း ဆုတ်မိန့်မရဘဲ တပ်ဆုတ်သွားခဲ့တဲ့ စစ်ကောင်စီတပ်ရင်း ခမရ(၂)က တပ်ရင်းမှူးနဲ့ ဒုတပ်ရင်းမှူးတို့ကို အာဏာဖီဆန်မှုနဲ့ ကျိုက်ထိုမြို့အကျဉ်းထောင်မှာ စစ်ကောင်စီက ထောင်ချအပြစ်ပေးခဲ့တယ်လို့ ကော်ဘရာစစ်ဆင်ရေးမှူး ဗိုလ်ဒါဘောက အတည်ပြုပြောကြားခဲ့ပါတယ်။

စစ်ကောင်စီတပ်ဟာ ဆုံးရှုံးသွားခဲ့တဲ့ စစ်ရေးအရ အရေးပါဗျူဟာကျတဲ့ မြဝတီမြို့အနီးက လက်ခတ်တောင် တာဝါတိုင်စခန်းကို ပြန်လည်သိမ်းပိုက်ရရှိနိုင်ဖို့အတွက် လက်နက်အင်အား၊ တပ်အင်အားဖြည့်တင်းကာ တပ်မ (၄၄) တပ်မမှူးတိုက်ရိုက်ညွန်ကြားမှုနဲ့ ခမရ(၂)၊ ခမရ(၁၁၈)တပ်ရင်းက ထုတ်နှုတ်အင်အား ၁၀၀ ကျော်နဲ့ ပြီးခဲ့ တဲ့ ဇူလိုင် ၂၄ ရက်နေ့ကစပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.