မြဝတီ၊ သြဂုတ်(၉)
ထိုင်း-မြန်မာနှစ်နိုင်ငံ ကုန်သွယ်ရေးလမ်းမကြီးဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းပိုင်း ပြတ်တောက်မှုကြောင့် ကုန်ပစ္စည်းရှားပါးမှုနဲ့ ဈေးနှုန်းကြီးမှုဒဏ်ကို ပြည်သူတွေ ထပ်မံခံစားရနိုင်တယ်လို့ နယ်စပ်ကုန်သည်တွေနဲ့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။
ကရင်ပြည်နယ်ထဲမှာ ပြီးခဲ့တဲ့ သြဂုတ် ၇ ရက်နေ့က မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ကုန်သွယ်ရေး အချက်အချာအကျဆုံးဖြစ်တဲ့ မြဝတီ-ကော့ကရိတ် အာရှလမ်းမ၊ တောနော်ရေတံခွန်အနီးနေရာမှာ ကားလမ်းအောက်ခံ မြေသားမြေပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့တာပါ။
ဒါ့အပြင် အရင်လမ်းဟောင်းလို့ လူသိများတဲ့ ကော့ကရိတ်-မြဝတီ ဒေါနတောင်လမ်းကျောမှာလည်း မြေပြိုမှုတွေရှိနေတာကြောင့် ကုန်တင်ကားတွေ သွားလာလို့မရသလို ထို့ကိုကိုးလမ်းကလည်း မိုးရွာသွန်းမှုတွေကြောင့် လမ်းပိုင်းပျက်စီးမှုတွေ ရှိနေတဲ့အတွက် သွားလာဖို့ အခက်အခဲရှိနေတာပါ။
နယ်စပ်ကုန်သည်တစ်ဦးကတော့ ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းပိုင်းတွေမှာ သွားလာဖို့ ခက်ခဲလာတဲ့အတွက် ကုန်စည်စီးဆင်းမှု လုံးဝရပ်တန့်သွားပြီးနောက် ကုန်ဈေးနှုန်းတွေ ချက်ချင်းဆိုသလို ခုန်တက်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“(၃)လမ်းရှိတယ်။ အခု (၂)လမ်းပျက်တာပေါ့။ အရင်တောလမ်း လမ်းဟောင်းလည်းသွားလို့မရဘူး။ ဆိုင်ကယ်တောင် သွားလို့မရဘူး။ ဘယ်လမ်းမှမရဘူး၊ ထို့ကိုကိုး လမ်းတစ်လမ်းဘဲရှိတယ်။ ထို့ကိုကိုးလမ်းကလည်း မိုးရွာရင် သွားလို့မရဘူး။ ဗွက်ထတယ်၊ စလစ်ဖြစ်တယ်၊ လမ်းကသွားလာလို့တော့ ရတာပေါ့။ ဒါပေမယ့် အရမ်းဒုက္ခရောက်တာပေါ့။ လက်ရှိကကုန်သည်တွေမှာတော့ ပစ္စည်းကကျန်တယ် ။ ဒါပေမယ့်အဲဒီဟာကိုပဲ နည်းနည်း ဈေးတင်ပြီး ရောင်းမှာပေါ့။ ကုန်စည်ကစီးဆင်းမှု အခြေအနေမကောင်းတဲ့အခါဆိုတော့လေ။ ဒီအချိန်က ဈေးတက်ပြီပေါ့။ ဒါကထုံးစံပဲလေ၊ ပစ္စည်းရှိတဲ့သူတွေက တော့ ဈေးတင်မှာပေါ့၊ အော်မှာပေါ့။ လမ်းက ပစ္စည်းသွင်းလို့မှမရတာ”လို့ ဆိုပါတယ်။
ကုန်သွယ်ရေးလမ်းပိုင်း ပြတ်တောက်မှုကြောင့် နှစ်နိုင်ငံကုန်စည်စီးဆင်းမှု ရပ်တန့်သွားခဲ့ပြီး ကုန် ပစ္စည်းတချို့ ဈေးနှုန်းအဆမတန် မြင့်တက်လာသလို တချို့ကုန်ပစ္စည်းတွေဆိုရင် ဈေးမဖွင့်နိုင်တဲ့ အခြေအနေတွေအထိ ဖြစ်ပေါ်နေပါတယ်။
အဲဒီထဲမှာ ထိုင်းနိုင်ငံထုတ် စားသုံးဆီ ၁၀ ပိဿာပုံး တစ်ပုံးကို ကျပ် ၇၀,၀၀၀ ကျော်ကနေ ကျပ် ၈၀,၀၀၀ အထိ ဈေးနှုန်းမြင့်တက်လာသလို ခေါက်ဆွဲခြောက် တစ်ဖာကို ကျပ် ၂၀,၀၀၀ ကျော်၊ ကျန်ကုန်ပစ္စည်းတွေကလည်း အမျိုးအစားအပေါ် မူတည်ပြီး ကျပ် ၃,၀၀၀ ကနေ ၁၀,၀၀၀ ကျော်အထိ ဈေးနှုန်းထိုးတက်လာတာ ဖြစ်ပါတယ်။
ထိုင်းကုန်ပစ္စည်း လက်လီရောင်းချသူတစ်ဦးကတော့ အာရှလမ်းပိုင်း ပြတ်တောက်မှုကြောင့် ဈေ းကွက်အတွင်း ကုန်ပစ္စည်းဈေးနှုန်း အဆမတန်မြင့်တက်လာပြီး ကုန်သည်အများစု ဈေးတင်ရောင်းချတာတွေ ရှိနေတယ်လို့ ပြောပါတယ်။
“ကားလမ်းပျက်သွားတော့ လောလောဆယ်ဈေးတွေက အားလုံးမြောက်ကုန်တာပေါ့။ ပေါက်ဈေးရယ်လို့ မရှိတော့ဘူး။ ကားခကတိတိကျကျ မသိသေးတော့ ပစ္စည်းဈေးနှုန်းတွေကို သူဘာသူခေါ်နေကြတယ်။ ကားခအပေါ် မူတည်ပြီးတော့ ဈေးတွေကတက်မှာပဲ။ တချို့ပစ္စည်းတွေကတော့ တစ်ပါကင်ကို (၆၀၀၀) လောက်တက်တယ်။ လက်ကားရောင်းသမားတွေက မှန်းပြီးတင်ကြတော့ အဲဒီအပေါ်မှာ ကျွန်တော်တို့က လိုက်မှီပြီးတော့ ရောင်းရတာပေါ့။ ဒါပေမယ့် ဒီနေ့ကတော့ ဈေးအမှန်မသိဘူးပေါ့နော်။ ပစ္စည်းမလာတော့ လူတွေက ကိုယ့်ဘာကိုမှန်းပြီးတော့ ရောင်းနေကြတာပေါ့နော်။ ပေါက်ဈေးအမှန်မရှိသေးဘူး ဒီနေ့ကတော့။ ဟိုကဆင်းလာလို့လည်း မရသေးဘူးဆိုတော့လေ။ ဒီမှာရှိတဲ့သူတွေက မှန်းပြီးတော့တွက်ပြီးတော့ ကိုယ်ထင်သလို ကိုယ်ရောင်းနေကြတာပေါ့နော်။ တချို့ပစ္စည်းတွေဆို ရောင်းတောင်မရောင်းဘူး။ ဈေးကိုမသိတဲ့အတွက်”လို့ ဆိုပါတယ်။
ထိုင်းကုန်ပစ္စည်းတွေဟာ လမ်းကြောင်းပြင်ဆင်မှု ပြီးစီးတဲ့အခြေအနေပေါ် မူတည်ကာ ကုန်ပစ္စည်း ဝင်ရောက်မှုတွေ ကြန့်ကြာနိုင်သလို ကုန်ပစ္စည်းဝင်ရောက်မှု ကြန့်ကြာပါက ဒေသတွင်းထိုင်းကုန် ပစ္စည်းပြတ်လပ်မှုတွေအထိ ရှိလာနိုင်တယ်လို့ နယ်စပ်ကုန်သွယ်ရေး ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
အာရှလမ်းပိုင်း ပြတ်တောက်မှုကို ပြီးခဲ့တဲ့သြဂုတ် ၇ ရက်နေ့မှာ စစ်ကောင်စီ ဆောက်လုပ်ရေးဦးစီးဌာနက လာရောက်ကြည့်ရှု့သွားပေမယ့် ဒီနေ့အချိန်အထိ လာရောက်ပြင်ဆင်တာ မရှိသေးသလို ယာယီဘေလီတံတားထိုးဖို့ပင် ခက်ခဲတဲ့အခြေအနေဖြစ်တယ်လို့ ခရီးသွားတွေရဲ့ ပြောဆိုချက်တွေအရ သိရပါတယ်။
ထိုင်းနိုင်ငံဟာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကနေ မြန်မာနိုင်ငံကို စားသောက်ကုန်၊ အထည်အလိပ်၊ အလှကုန်၊ စက်ယန္တရားအပါအဝင် ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းတွေကို အဓိကတင်သွင်းနေတာဖြစ်ပြီး မြန်မာနိုင်ငံကလည်း ထိုင်းနိုင်ငံထဲကို ပြောင်း၊ ဆန်ကွဲနဲ့ ရေထွက်ကုန်တွေကို အဓိက တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။
ထိုင်း- မြန်မာနှစ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွင်း နှစ်နိုင်ငံကုန်သွယ်ရေးမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၀၀၀ နီးပါး ကုန်သွယ်နိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ ကုန်သွယ်မှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ