ကော့ကရိတ်- သြဂုတ်(၇)

သဘာဝဘေးဒဏ်ရင်ဆိုင်ကြုံတွေ့နေရတဲ့ ကရင်ပြည်နယ်အတွင်းမှာ ဩဂုတ် (၇) ရက်နေ့ နေ့လည်ပိုင်းက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တဲ့ မြဝတီ-ကော့ကရိတ်အာရှလမ်းမပေါ်မှာ မြေပြိုကျမှုထပ်မံဖြစ်ပွားခဲ့ပြီး ခရီးသွားလာမှုရပ်တန့်ခဲ့ရတယ်လို့ ခရီးသွားလာသူတွေရဲ့ ပြောဆိုချက်အရသိရပါတယ်။

လတ်တလောမှာ ကရင်ပြည်နယ်ထဲမှာ ဒေသအလိုက်မိုးကြီးခဲ့ပြီး သံလွင်၊ သောင်ရင်း၊ ဟောင်သရော၊ ဂျိုင်းမြစ် စတဲ့ မြစ်ရေကြီးနေတဲ့အတွက် ဘေးသင့်ကြုံနေရတဲ့ ဒေသခံပြည်သူတွေဟာ သက်ဆိုင်ရာမြို့နယ်တွေထဲက ကယ်ဆယ်ရေးခိုလှုံရာစခန်းတွေမှာ ယာယီနေထိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ဩဂုတ် ၇ ရက်နေ့ မနက်ပိုင်းကလည်း မိုးသည်းထန်စွာရွာသွန်းခဲ့တဲ့အတွက် ကရင်ပြည်နယ်၊ မြဝတီမြို့ ၊ မြေနီကုန်းမှာ ရေကြီးရေလျှံတာတွေဖြစ်ပေါ်ခဲ့ပြီး သွားရေးလာရေးခက်ခဲရသလို နေ့လည် ၁၂ နာရီ မိနစ် ၄၀ အချိန်မှာလည်း မိုးကြီးမှုကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမပေါ်မှာ မြေပြိုကျမှု ထပ်မံဖြစ်ပွားခဲ့ပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကော့ကရိတ်-မြဝတီ အာရှလမ်းမ တောနော်ရေတံခွန်အနီး နေရာမှာ ကားလမ်းအောက်ခံမြေသား ပဲ့ကျပျက်စီးသွားခဲ့တာဖြစ်ပြီး မြေပြိုကျမှုကြောင့် လမ်းပန်းဆက်သွယ်ရေးပြတ်တောက်ခဲ့ရသလို သက်ဆိုင်ရာအဖွဲ့အစည်းတွေက သွားရောက် ကြည့်ရှုကာ အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ဖို့ စီစဉ်နေတယ်လို့လည်း သတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီး တောနော်ရေတံခွန် အနီးမှာ မြေပြိုကျမှုဖြစ်ပွားခဲ့သေးပြီး နာရီပိုင်းအချိန်အထိ ကားလမ်းပေါ် မြေစာပိတ်ဆို့နေ ခဲ့တဲ့အတွက် ခရီးသွားလာတာတွေ ယာယီရပ်တန့်ထားရပါတယ်။

မိုးလေဝသဌာနရဲ့ ထုတ်ပြန်ထားချက်အရ ကရင်ပြည်နယ်ထဲမှာ ဒေသအလိုက် မိုးကြီးခဲ့ပြီး ကော့ကရိတ်နဲ့ မြဝတီမြို့တွေမှာ မိုးရေချိန်လက်မ ၆ လက်မနီးပါးရှိကာ မနက်ဖြန်မနက်ပိုင်းမှာလည်း ကရင်ပြည်နယ်မှာ နေရာကွက်ပြီး မိုးကြီးနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။

မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြစ်ရေကြီးမှုကြောင့် လတ်တလောမှာ ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ကော့ကရိတ်၊ ဘားအံ ၊ လှိုင်းဘွဲ၊ ဖာပွန်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အနိမ့်ပိုင်း ရပ်ကွက်နဲ့ ကျေးရွာတွေမှာ ရေဘေးကြုံတွေ့နေရပြီး ဒေသခံပြည်သူထောင်ချီ ရေဘေးရှောင် စခန်းကို သွားရောက်ခိုလှုံနေရထိုင်ခဲ့ရပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ- Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.