နေပြည်တော် – ဇူလိုင် (၃၁)

အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးကနေ လက်နက်အားကိုးနဲ့ နိုင်ငံ့အာဏာအရပ်ရပ်ကို လေးကြိမ်အထိ ရယူထားတဲ့ စစ်ကောင်စီဟာ နောက်ထပ် အရေးပေါ်ကာလသက်တမ်းထပ်တိုးပြီး အာဏာဆက်ယူခဲ့တယ်လို့ ဝါဒဖြန့် MRTV ကနေ ဒီနေ့ ညနေပိုင်းမှာ ကြေညာပါတယ်။

ဒီကနေ့ ဇူလိုင် ၃၁ ရက်နေ့မှာ ခေါ်ယူကျင်းပတဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ဒုတိယ သမ္မတ ၂ ဦးဟင်နရီဗန်ထီးယူ တက်ရောက်ခဲ့သလို အစည်းအဝေး ပြီးနောက် စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေက အရေးပေါ်ကာလသက်တမ်း ၆ လ ထပ်မံတိုးပေးခဲ့တာပါ။

ဒါကြောင့် ဩဂုတ် ၁ ရက်နေ့ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့အထိ နိုင်ငံအာဏာအရပ် ရပ်ကို စစ်ကောင်စီက ဆက်လက်အုပ်ချုပ်ခွင့် ရရှိမှာဖြစ်သလို တိုင်းပြည်ကို စစ်တပ်က (၃) နှစ်တာ အာဏာသိမ်းယူသွားမှာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း ကာလုံအစည်းအဝေးမခေါ်ယူခင် ဇူလိုင်လအတွင်း ဖမ်းဆီးထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူပုဂ္ဂိုလ်တချို့နဲ့ တွေ့ခွင့်ပေးခဲ့ပြီး အချုပ်ထောင်ကနေ နေအိမ်အကျယ်ချုပ် ပြောင်းရွှေ့လိုက်တဲ့ သတင်းတွေလည်း ထွက်ပေါ်ခဲ့တာပါ။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ယူကာ နိုင်ငံတော်ကို အရေးပေါ်အခြေအနေအဖြစ် ကြေညာပြီးနောက် တစ်နှစ်အာဏာလွှဲယူခဲ့တာပါ။

အဲဒီကနေတစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂၅ အရ တစ်ကြိမ်မှာ (၆) လအထိ တိုးမြှင့်ခွင့်ရှိတဲ့ သက်တမ်းကို စစ်ကောင်စီက (၃) ကြိမ်အထိ တိုးယူခဲ့ပြီးနောက်မှာတော့ အခုလို အရေးပေါ်ကာလသက်တမ်း ထပ်မံတိုးမြင့်လာတာပါ။

နိုင်ငံရေးအကဲခတ်တွေကတော့ စစ်ကောင်စီအနေနဲ့ အခုလို အရေးပေါ်သက်တမ်းတိုးယူပြီးနောက်မှာ စစ်ကောင်စီအဖွဲ့ဝင်တွေ အစိုးရအဖွဲ့ အရာရှိပုဂ္ဂိုလ်တွေကို အပြောင်းအလဲဆက် လုပ်သွားလိမ့်မယ်လို့ သုံးသပ်ကြပါတယ်။

ဒါ့အပြင် ဇူလိုင် ၁၃ ရက်နေ့က ပြုလုပ်တဲ့ အစည်းအဝေးမှာ စစ်ခေါင်းဆောင်က လုံခြုံရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေစိုးမိုးရေးအတွက် အလေးထားဆောင်ရွက်ဖို့ လိုအပ်နေသေးတယ် လို့ ပြောဆိုထားတဲ့အတွက် စစ်တပ်အနေနဲ့ အစွမ်းကုန် စစ်ရေးတိုးမြှင့်လိမ့်မယ်လို့လည်း စစ်ရေးအကဲခတ်တွေက ထောက်ပြကြပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၂၅ အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က သူ့ကိုပေးအပ်ထားတဲ့ တာဝန်ကို ပြီးမြောက်အောင် ဆောင်ရွက်ခြင်းမပြုနိုင်သေးတဲ့အတွက် သတ်မှတ်အချိန်ကာလ တိုးမြှင့်ပေးဖို့ အကျိုးအကြောင်းတင်ပြလာရင် သာမန်အားဖြင့် တစ်ကြိမ်မှာ ခြောက်လအထိ နှစ်ကြိမ် တိုးမြှင့်ပေးနိုင်တယ်လို့ ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ ကာလုံအစည်းအဝေးမှာတော့ နိုင်ငံဟာ သာမန်အခြေအနေမဟုတ်ကြောင်း တင်ပြခဲ့လို့ ကာလုံအစည်းအဝေးကနေ စစ်ကောင်စီကို အရေးပေါ်သက်တမ်းတိုးမြှင့်ပေးခဲ့ပြီးနောက် စစ်ကောင်စီက တိုင်းနဲ့ပြည်နယ် (၈) ခုရှိ မြို့နယ်ပေါင်း (၄၀) ကို စစ်အုပ်ချုပ်ရေးအဖြစ် ကြေညာခဲ့တာပါ။

လက်ရှိမှာတော့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ လက်နက်ကိုင်ခုခံတိုက်ပွဲတွေ ယုတ်လျော့ သွားခြင်း မရှိဘဲ ပိုမိုအားကောင်းလာနေပြီး စစ်ကောင်စီအနေနဲ့ တော်လှန်ရေးအင်အားစုတွေ အပြင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နဲ့လည်း မြေပြင်တိုက်ပွဲ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – စစ်ကောင်စီဝါဒဖြန့် မီဒီယာ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.