နေပြည်တော်၊ ဇူလိုင်(၂၉)

နိုင်ငံ့အာဏာအရပ်ရပ်ကို သိမ်းယူထားတဲ့ စစ်ကောင်စီလက်ထက်မှာ တရားမဝင်ကုန်သွယ်မှုတွေ လျော့နည်းကျဆင်းသွားတာမရှိဘဲ ဆက်လက်လုပ်ကိုင်တာတွေရှိတယ်လို့ ဒုတိယစစ်ခေါင်းဆောင်က ဝန်ခံလိုက်ပါတယ်။

ဇူလိုင် ၂၇ ရက်နေ့က နေပြည်တော်မှာပြုလုပ်တဲ့ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော် မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးမှာ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောဆိုခဲ့တာပါ။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီကနေ အခုနှစ် ဇွန်လအထိ တစ်နှစ်ခွဲကျော်အတွင်း တရားမဝင်ကုန်သွယ်မှုကနေ ဖမ်းဆီးရမိတဲ့ အမှုတွဲ ၇၀၀၀ ကျော်နဲ့ ခန့်မှန်းတန်ဖိုး ကျပ် ၁၂၇ ဘီလီယံဖြစ်ပြီး အရင်နှစ်ကာလတူနဲ့ နှိုင်းယှဉ်ရင် များစွာတိုးတက်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သူကဆိုပါတယ်။

ဒါပေမယ့် အရင်နှစ်ကာလတူ တန်ဖိုးပမာဏနဲ့ အမှုတွဲဘယ်လောက်ရှိခဲ့တယ်ဆိုတာကိုတော့ ဒုစစ်ခေါင်းဆောင်က အစည်းအဝေးမှာ ထည့်သွင်းပြောဆိုခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။

တရားမဝင်ကုန်သွယ်မှုမှာတော့ သယံဇာတတွေကို တရားမဝင်တူးဖော်တဲ့ ဘက်ဟိုးယန္တရား မော် တော်ယာဉ်အုပ်စု၊ တရားမဝင်သစ်မျိုးစုံ၊ လယ်ယာထွက်ကုန်၊လုပ်ငန်းသုံးကုန်ကြမ်း၊လူသုံးကုန်နဲ့ စား သောက်ကုန်တို့ ပါဝင်ပါတယ်။

တရားမဝင်ကုန်သွယ်မှု ဖြစ်ပွားရတာဟာ အခြေခံကျတဲ့အချက်တွေအပြင် နိုင်ငံအတွင်း လုံခြုံရေးအရ လိုအပ်ချက်ရှိနေဆဲ နယ်စပ်ဒေသတွေ ရှိနေတာ၊ နယ်စပ်ဒေသတွေမှာ ရှည်လျားပြီး နှစ်နိုင်ငံချင်းလွယ် ကူစွာ ဖြတ်သန်းနိုင်တဲ့ နေရာအများအပြားရှိနေတာကြောင့် လုံခြုံရေးအရစောင့်ကြည့်ဖို့ ခက်ခဲတယ်လို့ ဒုစစ်ခေါင်းဆောင်က ဆိုပါတယ်။

ဒါ့အပြင် ဥပဒေရေးရာ အားနည်းချက်တွေရှိတာ ၊ တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ရတဲ့ ဝန်ထမ်းအင်အားနဲ့ စွမ်းဆောင်ရည်နိမ့်ကျတာနဲ့ အကျင့်ပျက်တာတွေ ရှိနေတာ စတဲ့အချက်တွေကလည်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရာမှာ စိန်ခေါ်မှုတွေ ဖြစ်တယ်လို့ သူ က ဝန်ခံထားတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နယ်စပ်ကုန်သွယ်ရေးဂိတ်တွေ ပိတ်ထားရတာ၊ ကုန်ပစ္စည်းတချို့ တင်သွင်းခွင့် ကန့်သတ်ခံရတာ၊ သွင်းကုန်မူဝါဒတွေကို ကန့်သတ်ပိတ်ပင်တာ၊ တင်သွင်းလာတဲ့ ကုန် ပစ္စည်းတွေကို စစ်ကောင်စီက ပိုမိုတင်းကြပ်စစ်ဆေးလာတာကြောင့် တရားမဝင်ကုန်သွယ်မှု မှောင်ခို ဈေးကွက် ကြီးထွားလာတာလို့ စီးပွားရေးသမားတွေက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.